အခြေခံ ဥပဒေပြင်ဆင်ပေးရေး မင်းဘူးမှာ ဒေသခံ ၂၀၀၀ လောက် ချီတက်တောင်းဆို


2014.07.19
section436-305.jpg ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပွဲ တက်ရောက်လာသူများ ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မကွေးတိုင်းဒေသကြီး၊ မကွေးနဲ့ မင်းဘူးခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ဒေသ ခံပြည်သူ ၂၀၀၀ လောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေး ဖို့အတွက် မင်းဘူး (စကု) မြို့မှာ ဒီနေ့ လမ်းလျှောက်တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင် ဆင်ဖို့ လူထုလက်မှတ်ကောက်ခံတဲ့  နောက်ဆုံးနေ့ဖြစ် တာကြောင့် ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

"၄၃၆ လက်မှတ်ရေးထိုး လှုပ်ရှားမှုရဲ့ နောက်ဆုံးနေ့မှာ စပြရခြင်းဟာ ကျနော်တို့ အမျိုးသားခေါင်းဆောင်ဟာ မကွယ်လွန်မီကတည်းကပင် လွတ်လပ်တဲ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီဝါဒ ထွန်းကားအောင် လုပ်ရမယ်တဲ့ အဲလိုပဲ ဒီမိုကရေစီဝါဒကို လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်တယ်လို့ ကျနော်တို့ခေါင်းဆောင်က မိန့်ဆိုထားပါတယ်ခင်ဗျာ၊ အခုအချိန်မှာ တိုင်းပြည်ရဲ့ အလှည့်အပြောင်းက ၂ဝဝ၈ အခြေခံဥပဒေကြောင့် အခြေခံလူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီအခွင့်အရေးတွေ ဆိတ်သုန်းနေပြီး ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုတည်ထောင်ဖို့ဟာ ပိတ်ဆို့တားဆီးသလိုဖြစ်နေတဲ့အတွက် ဒီကနေ့အာဇာနည်နေ့မှာ ၄၃၆ ပြင်ဆင်ဖို့ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ဖို့ ကျနော်တို့ကြိုးပမ်းခြင်းဟာ ဗိုလ်ချုပ်ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တာဖြစ်တယ်၊ နိုင်ငံကိုအကောင်းဆုံးထူထောင်တာဖြစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့လုပ်တာဖြစ်ပါတယ်"

မကွေးတိုင်းဒေသကြီးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လူထုလက်မှတ် ၅ သိန်းကျော်ရရှိနေပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီနေ့မှာကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့ကို မကွေးခရိုင်နဲ့ မင်းဘူးခရိုင်မှာရှိတဲ့ မကွေး၊ မင်းဘူး(စကု)၊ ငဖဲ၊ ပခုက္ကူ၊ ဂန့်ဂေါနဲ့ ချောက် မြို့နယ်တွေက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ နဲ့ ဒေသခံပြည်သူတွေက သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြု ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။