အခွန်စည်းကြပ်မှု ဥပဒေသစ် ပြဌာန်းမည်
2018.03.16
အခွန်စည်းကြပ်မှုက လွတ်ကင်းနေတဲ့ငွေတွေနဲ့ ပတ်သက်ပြီး အထူးအခွန်လျှော့ချမှု ဥပဒေတရပ် သီးခြားပြဌာန်းဖို့ ကြိုးစားမယ်လို့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ဒီနေ့ ပြော ပါတယ်။
စည်းကြပ်မှုကင်းလွတ်နေတဲ့ ငွေတွေကို သီးခြားဥပဒေတရပ်ပြဌာန်းပြီး ကိုင်တွယ်ဖို့ ကြိုးစားနေတယ် လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
"ကျမတို့ ဒါကိုမပြဌာန်းသင့်ဘူး၊ ဒီဥပဒေက တကယ်တမ်းတော့လည်း ပယ်ဖျက်သင့်တယ်ဆိုပြီး ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်၊ အဲဒီတော့ မနေ့ကလည်း ကျမတို့ ပညာရှင်များနဲ့လည်း တွေ့ဆုံပြီး ဆွေးနွေးကြတာတွေရှိပါတယ်၊ ပြဿနာတော့လေ ပြည်သူလူထုကြားထဲမှာ အငြင်းပွါးစရာကိစ္စတွေပေါ့၊ ပြည်သူလူထု မကျေနပ်တဲ့ဟာတွေ နောက်တစ်ခုကကျတော့ ပြည်သူလူထုအတွက် အထောက်အကူမပြုတဲ့ ဥပဒေမျိုးတွေတော့ ကျမတို့ ပြဌာန်းဖို့ရာ အစီအစဉ်မရှိပါဘူး၊ အခုလောလောဆယ်တော့ ဒီဥပဒေထဲမှာတော့လေ ကျမတို့ မဲခွဲစရာတော့ မလိုတော့ဘူးဆိုတာ ဒီလိုနားလည်တာပါ၊ အဓိကတော့လေ ဒီလိုပါ ကျမတို့ကဒါကို သီးခြားဥပဒေတရပ်အနေနဲ့ ပြဌာန်းဖို့ အရင်တုန်းက စုရပ်ထဲမှာလည်းပါပြီးသားလေ၊ အဲဒီတော့ သီးခြားဥပဒေ တရပ်အနေနဲ့ ပြဌာန်းနိုင်ဖို့ရာအတွက်တော့ ကျမတို့ အဲဒါကို ကြိုးစားနေပါတယ်"
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းမှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်းနဲ့ ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်းအခွန်ဆောင်ဖို့ ပါရှိပါတယ်။
ငွေကြေးခဝါချနိုင်မယ့်ဥပဒေလို့ ဝေဖန်မှုတွေရှိတဲ့ အခွန်အကောက်ဥပဒေကြမ်းပါ ပုဒ်မ ၂၅ ဟာ စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူပြုစေမယ်လို့ ထောက်ခံတာတွေရှိသလို မူးယစ်ဆေးဝါးက ရတဲ့ငွေတွေ နဲ့ ငွေမည်းတွေ ဝင်လာနိုင်တယ်ဆိုပြီး ကန့်ကွက်တာလည်းရှိပါတယ်။
လက်ရှိဥပဒေအရ တရားဝင်လုပ်ငန်းတွေကို အခွန်၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေပြီး စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ပထမ ၆ လမှာ ၃ ရာခိုင်နှုန်း ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်းကောက်ခံတာဟာ အခွန်ရှောင်မှုကို အားပေးတယ်လို့ ကိုယ်စားလှယ်အချို့က ဝေဖန်ပါတယ်။
အဲဒီဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး လတ်တလောမှာ လွှတ်တော်ကော်မတီအချို့၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးအသင်းအဖွဲ့တွေနဲ့ လွှတ်တော်မှာကြားနာပွဲတွေ ကျင်းပနေပါတယ်။
၂၀၁၈ ခုနှစ် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ဥပဒေကြမ်း ကော်မတီရဲ့ လေ့လာတွေ့ရှိချက် ကို လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။