အခွန်အကောက် ဥပဒေကြမ်း အတည်ပြု


2017.02.24
myatnyanasoe-620.jpg ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကို လွှတ်တော်မှာတွေ့ရစဉ်
.

၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်အဆိုပြုချက်တွေနဲ့ ဆွေးနွေးပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းအရ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ အထက် မော်တော်ကားတွေကို အထူးကုန်သွယ်ခွန် စတင်ကောက်ခံဖု့ိ အတည်ပြုလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

"၁၈ဝဝ စီစီနဲ့အထက်ကြားမှာ အခွန်ကောက်ပါတယ်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကားစီးနင်းပိုင်ခွင့်ကို မထိပါးခဲ့ဘူးလို့ ကျနော်တို့ထင်တယ်၊ ထပ်ပြီးတော့ ကားဈေးတွေမြင့်တက်လာမှာကိုလည်း ကျနော်တို့ မလိုလားပါဘူး"

အင်ဂျင်ပါဝါ ၁၅၀၀ စီစီ အထက် ကားတွေအတွက် အထူးကုန်သွယ်ခွန်ကို ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကားအမျိုးစားအလိုက် ကောက်ခံဖို့ လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် အဖြစ် ၁ ရာခိုင်နှုန်းကောက်ခံသွားဖို့လည်း ပါရှိပါတယ်။

ဒါ့အပြင် ဆေးလိပ်၊ အရက်၊ ဝိုင်စတဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ကုန်စည်တွေနဲ့ ပတ်သက်ပြီးတော့လည်း ယခင်နှစ်ကထက် အခွန်တိုးမြှင့်ခံကောက်ခံဖို့ လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။

ဆေးလိပ်တန်းဖိုးအပေါ်မှာ မူတည်ပြီး တစ်လိပ်ကို ၄ ကျပ်နှုန်းကနေ ၁၆ ကျပ်နှုန်းအထိ အခွန်ကောက်ခံဖို့ ဒီကနေ့ အတည်ပြုလိုက်တဲ့ အခွန်ဥပဒေကြမ်းမှာ ပါရှိပါတယ်။

အရက်အမျိုးမျိုးအတွက်လည်း တစ်လီတာတန်ဖိုးအပေါ်မူတည်ပြီး ၉၁ ကျပ်နှုန်းကနေ အဆင့်ဆင့်တိုးမြှင့် ကောက်ခံ သွားဖို့ ပါရှိပြီး အရက်တစ်လီတာတန်ဖိုး နှစ်သောင်းခြောက်ထောင်နဲ့ အထက်ကို ၆၀ ရာခိုင် နှုန်းကောက်ခံဖို့နဲ့ ဘီယာအမျိုးမျိုးအတွက် ၆၀ ရာခိုင်နှုန်း ကောက်ခံဖို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူတဲ့အခါမှာ ရရှိမယ့် ပင်စင်လစာနဲ့ ဂရုဏာကြေးကိုလည်း ဝင်ငွေ ခွန်ပေးဆောင်တာကနေ ကင်းလွတ်ခွင့်ပြုဖို့ ဒီကနေ့ အတည်ပြုလိုက်တဲ့ အခွန်အကောက် ဥပဒေကြမ်းမှာ ထည့်သွင်းအတည်ပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။