နေပြည်တော်မှာ NLD နဲ့ USDP ပါတီတို့ အပြိုင်မဲဆွယ်နေ

သီဟထွန်း
2020.09.25

နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ အာဏာရ NLD ပါတီ၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ကျေးရွာတွေအထိ အပြိုင်အဆိုင်သွားရောက်ပြီး မဲဆွယ်စည်းရုံးနေကြပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အဓိက ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်းတွေဟာ ဒီရက်ပိုင်းအတွင်း ကျေးရွာတွေအထိ သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးတွေ ဆက်တိုက်လုပ်နေကြပါတယ်။

USDP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်သန်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီတို့ဟာ နေပြည်တော် ပျဉ်းမနားမြို့နယ် လဲလူးအိုင်ကျေးရွာမှာ မနေ့က မဲဆွယ်စည်းရုံးရေး လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က နေပြည်တော်ကောင်စီဝင်အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း ဦးမြင့်အောင်သန်းက မဲဆွယ်ရာမှာ NLD အစိုးရလက်ထက် တိုင်းပြည်ဖွံ့ဖြိုးရေး၊ စားဝတ်နေရေးတွေ မပြည့်စုံပဲ ဆုတ်ယုတ်နေတယ်လို့ ဒေသခံတွေကို ဟောပြောခဲ့ပါတယ်။

“ကျတော်တို့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ မီးစိမ်းပြထားတဲ့အတွက် ကျတော်တို့ ဗမာပြည်ကြီးသည် အရှိန်အဟုန်နဲ့ သွားနေပါတယ်။ ၂၀၁၆ ကနေစပြီးတော့ အခုကာလအထိ ဗမာပြည်ကြီးသည် မီးနီမိနေသလိုပဲ ဖွံ့ဖြိုးတိုးတက်မှုတွေ စာဝတ်နေရေးတွေ အကုန်အကျပ်အတည်းဖြစ်ပြီးတော့မှ ရပ်တန့်နေပါတယ်။ အဲဒါကြောင့် အခုမီးစိမ်းပြရမှာဖြစ်တဲ့အတွက် ကျတော်တို့ပါတီရဲ့ ကိုယ်စားဖြစ်တဲ့ အစိမ်းရောင်အမှတ်တံဆိပ်နဲ့ ခြင်္သေ့အမှတ် တံဆိပ်ကို မဲပေးပါလို့ ကျတော့် အနေနဲ့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”

ကပ်ရောဂါကာလမှာ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်လို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပေမယ့် အကြောင်းမပြန်သေးကြောင်းနဲ့ ရက်မရွှေ့ဆိုင်းပဲ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းကျင်းပရင် ပြိုင်ဘက်ပါတီတွေထက် နောက်ကျ မကျန်ရစ်ရအောင် ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့အညီ မဲဆွယ်နေတာဖြစ်တယ်လို့ USDP ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီက ကြံ့ခိုင်ရေးပါတီအနေနဲ့ အာဏာ အတွက်မဟုတ်ပဲ အမျိုးသားနိုင်ငံရေးဆောင်ရွက်ဖို့ ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ ပြောပါတယ်။

“အမျိုးသားနိုင်ငံရေးပေါ့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေကို ကိုယ့်ဒေသရဲ့ နယ်နမိတ်ပေါ့၊ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်ဖို့၊ နောက်ပြီးတော့ စကတည်းက အမျိုးသားနိုင်ငံရေးလို့ ပြောခဲ့တာ အမျိုးသားနိုင်ငံရေးဆိုတာ အကျယ်ကြီးပဲလေ။ အဲတော့ ကျမတို့ ပြည်ခိုင်ဖြိုးသည် အာဏာအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး၊ အမျိုးသားနိုင်ငံရေးအတွက် အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးလို့ ပြောလိုက်လို့ရှိရင် အခုခေတ်ကာလမှာ တော်တော်လေးနားလည်တယ်။ ပြည်ခိုင်ဖြိုးက အမျိုးသားနိုင်ငံရေးအတွက် ဒီရွေးကောက်ပွဲဝင်တယ်လို့ ပြောလိုက်တာနဲ့ ပြည်သူတွေက နားလည်တယ်။ အဲဒီဟာ ကျမတို့ ဦးစားပေးလုပ်နေတယ်။ ပြောတာလဲ ဒီပုံစံပဲပြောတယ် လုပ်တာလည်း ဒီပုံစံပဲ လုပ်မှာပါ”

ကပ်ဘေးကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရတာဖြစ်လို့ လူအများကြီးနဲ့ စည်းရုံးရေး မလုပ်နိုင်ပေမယ့် ရွေးကောက်ပွဲကို ပြည်သူတွေရဲ့ စိတ်ဝင်စားမူ အများကြီးရှိနေတယ်လို့ ဒေါ်ဝင်းဝင်းသီ က ပြောပါတယ်။

အလားတူပဲ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးတင်သစ်(ခေါ် ) မောင်ရည်မွန်ကလည်း ဒီနေ့ ပုဗ္ဗသီရီမြို့နယ်က ကျေးရွာ ၅ ခုမွာ စည်းရုံးရေး ဆင်းခဲ့ပါတယ်။

အဲဒီနယ်မြေမှာ ယှဉ်ပြိုင်မယ့် USDP ပါတီ အမတ်လောင်းကတော့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် ဖြစ်ပါတယ်။ ဦးတင်သစ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း သူတို့နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဦးတင်သစ်က အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးတင်သစ်က ၂၇၃၂၁ မဲ၊ ဦးဝေလွင်က ၂၇၁၄၅ မဲ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ၇၂၉ မဲ ရရှိခဲ့တာဖြစ်ပါတယ်။

ပုဗ္ဗသီရီမြို့နယ်မှာ မဲဆန္ဒရှင် စုစုပေါင်း ကိုးသောင်းကျော်ရှိမယ်လို့ ခန့်မှန်းရပြီး အဲဒီထဲမှာ တပ်မတော်သားမိသားစုဝင် ဦးရေ တစ်သောင်းခွဲခန့်ရှိနိုင်တယ်လို့ ဦးတင်သစ်က ပြောပါတယ်။

NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်သစ်က ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေပြင်ဆင်ချက်အဖြစ် တပ်မဲရုံတွေကို အပြင်ထုတ်ဖို့ စီစဉ်ထားတဲ့အပေါ် နောက်ဆုံးအခြေအနေကို ရှင်းပြပါတယ်။

“နည်းဥပဒေ ပြင်ဆင်ချက်မှာ ဘယ်လိုပြောထားသလဲဆိုတော့ တပ်မတော်သားများနဲ့ အိမ်ထောင်စုဝင်များဟာတဲ့ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာမှာ ရှိတဲ့ မဲဆန္ဒရှင်တွေနဲ့ အတူ မဲပေးနိုင်ရေး ဒီလိုပြောထားတာရှိတယ်။ အဲတော့ အဲဒီဥပဒေအရဆိုရင် တပ်မဲနဲ့ အရပ်မဲ ရောပြီးတော့ ပေးရမယ်ဆိုတဲ့ သဘော၊ အဲတော့ အခုချိန်အထိ အဲဒီအခြေအနေက မသဲကွဲသေးဘူးပေါ့ဗျာ။ ကျတော်တို့ နားလည်တာက တပ်မဲရုံတွေ အပြင်ထုတ်တယ်ဆိုရုံနဲ့ မလုံလောက်သေးဘူး ဥပဒေနဲ့ အညီ ဖြစ်ဖို့ဆိုရင် တပ်မဲနဲ့ အရပ်မဲတွေနဲ့ ဒီမဲရုံမှာ အတူရောပြီး မဲပေးရမယ်။ ဒါမှသာ ဥပဒေနဲ့ ညီညွတ်တဲ့ ဆောင်ရွက်ချက်ဖြစ်မယ်။ ဒီလိုမြင်ပါတယ်။ သို့ပေမယ့် အခုအချိန်အထိ တိကျတဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက် တိတိကျကျ မသိရသေးဘူးပေါ့”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘူတာကြီးအနီးမှာ မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ USDP ကိုယ်စားလှယ်လောင်း ဦးဝေလွင် လိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ NLD ပါတီကို ထောက်ခံတဲ့ သစ်ရွာကုန်းရွာသားတွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားတာလည်း ရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်လည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့  ဦးရဲထွန်းက အင်အားကြီး ပါတီကြီးတွေဖြစ်တဲ့ NLD ပါတီက အရင်တွေရွေးကောက်ပွဲနဲ့ယှဉ်ရင် မဲရတဲ့အရေအတွက် လျော့သွားနိုင်ပေမယ့် ၂၀၂၀ မှာ မဲအများဆုံးရနိုင်ပြီး USDP ပါတီက ဒုတိယမဲ အများဆုံးရနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ တပ်မဲရုံတွေကို တပ်ပြင်ပကို ထုတ်လိုက်တဲ့အတွက် USDP ရမယ့် မဲအရေအတွက် လျော့သွားမလား၊ အပြောင်းအလဲရှိမလားဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၃၉၀ ဦးရရှိခဲ့ပြီး USDP ပါတီက ၄၁ ဦး အနိုင်ရခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ တပ်မအတော်အစိုးရလက်ထက်မှာ လူမှုရေး အသင်းအဖွဲ့တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့အားပေးထောက်ခံမှုရှိတဲ့ USDP ပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းကျော် မဲအရေအတွက်ရရင် တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရ ဖွဲ့လို့ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေလည်း ရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းကလည်း NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း ငါးနှစ်တာကာလမှာ စွမ်းဆောင်ချက်အပေါ်ကြည့်ပြီး မဲပေးသူ လျော့ကျသွားနိုင်တဲ့၊ အပြောင်းအလဲဖြစ်နိုင်တဲ့ အလားအလာမြင်ရတယ်၊ USDP ပါတီ အနေနဲ့တော့ ကိုယ်စားလှယ်လောင်းရွေးချယ်မှု၊ ဒေသအခြေအနေကိုကြည့်ပြီး ဆောင်ရွက်တဲ့ အခြေအနေတွေအပေါ်မူတည်ပြီး အပြောင်းအလဲ ဖြစ်နိုင်ခြေရှိမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

နေပြည်တော်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အပါအပ်ဝင် ပါတီ ၁၂ ခုကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၆ ဦးရှိပြီး နေပြည်တော် ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ နေရာအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အစိုးရအဖွဲ့ ရုံးစိုက်ရာနေပြည်တော်မှာ လူဦးရေ ၁၀ သိန်းကျော်ရှိပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိအချိန်အထိ ထုတ်ပြန်ချက်အရ မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စုစုပေါင်း ရှစ်သိန်း ခြောက်သောင်းခန့် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။