၂၁ ပင်လုံ ထောက်ခံပွဲ ကျင်းပ
2016.08.25

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲကို အင်တာနက် အွန်လိုင်းပေါ်မှာ ကမ်ပိန်းလုပ်တဲ့ သူတွေစုပြီး ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က အင်းလျားကန်ဘောင်မှာ ပြုလုပ်ခဲ့ပါတယ်။
၂၁ ပင်လုံညီလာခံကို ထောက်ခံတဲ့ပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ကျယ်ပြန့်စေချင်တာကြောင့် အွန်လိုင်းမောင်နှ များ အဖွဲ့ကိုဖွဲ့ပြီး အခုလိုထောက်ခံပွဲပြုလုပ်တာဖြစ်တယ်လို့ ပွဲကိုဦးဆောင်တဲ့ ကိုစိုင်းလင်းအောင်က ပြောပါတယ်။
"ကျနော်တို့က ဒီ၂၁ အွန်လိုင်းမောင်နှမများအဖွဲ့ဆိုပြီးတော့ ၂၁ ပင်လုံညီလာခံအတွက် အဓိကထားပြီး ဖွဲ့စည်း ခဲ့တာ၊ ကျနော်တို့က ပြည်သူလူထုများများ ထောက်ခံလာအောင်၊ ပြည်သူလူထုများများ ပါဝင်လာအောင် ၊ နောက်ပြီးတော့ ဒီ ၂၁ ပင်လုံ အောင်မြင်ဖို့ပေါ့၊ အဲ့ဒီအတွက် ကျနော်တို့ တတ်နိုင်သလောက် တတ်နိုင် တာလေးတွေလုပ်ကြတယ်၊ အနယ်နယ်အရပ်ရပ်မှာ ကျယ်ပြန့်စေချင်တယ်၊ ဒါမျိုတွေ ထောက်ခံပွဲတွေ ဖြစ်စေ ချင်တဲ့ဆန္ဒနဲ့ လုပ်တာပေါ့"
အခုလို ထောက်ခံပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ လိုက်လံပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကိုစိုင်းလင်းအောင်က ဆက်ပြောပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ထောက်ခံပွဲမှာ ဦးနေမျိုးဇင်၊ ကဗျာဆရာ မောင်းဆောင်းခ၊ ဒီငြိမ်းလင်းတို့က မိန့်ခွန်းတို့ နဲ့ ပြည်သူတွေကို ၂၁ ပင်လုံညီလာခံကို ထောက်ခံတဲ့လက်မှတ်တွေကို ကောက်ယူသွားဖို့ စီစဉ်ခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အဲ့ဒီအစီစဉ်ကိုတွေကို ဖျက်လိုက်ရတယ်လို့ အွန်လိုင်းညီအကိုမောင်နှများ အဖွဲ့က ပြောပါတယ်။
အွန်လိုင်းညီအကိုမောင်နှများအဖွဲ့က အွန်လိုင်းပေါ်မှာနဲ့ အပြင်မှာကောက်ယူထား ၂၁ ပင်လုံ ညီလာခံကိုထောက်ခံ တဲ့ လက်မှတ်တွေကိုစုပြီး ညီလာခံကျင်းပရေး ကော်မရှင်ကိုပေးပို့သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။