၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ တတိယပတ်ကို ပြောင်းရွှေ့
2020.08.01
စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မူလသတ်မှတ်ထားတဲ့ ရက်အစား သြဂုတ်လ ၁၉၊ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ပြောင်းလဲကျင်းပသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
NLD ဦးဆောင်တဲ့ လက်ရှိ အစိုးရလက်ထက်မှာ နောက်ဆုံးအကြိမ်ကျင်းပမယ့် စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၁၂၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ပြုလုပ်ဖို့ မူလက စီစဉ်ခဲ့ပေမယ့် အစိုးရနဲ့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပွဲအပြီးမှာ ရက်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ညီလာခံ ကျင်းပမယ့်ရက်ကို လာမယ့် ၁၉၊ ၂၀ နဲ့ ၂၁ ပေါ့နော်၊ သြဂုတ်လ ၁၉၊ ၂၀၊ ၂၁ အဲဒီမှာ ကျင်းပဖို့ သတ်မှတ်လျာထားခဲ့တယ်။ နောက်ကျတော်တို့ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ကာလရှိတဲ့အတွက် ဒီထက်တော့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့ အနေအထားဖြစ်တော့ ကျတော်တို့ ၁၉၊၂၀၊ ၂၁ ကျင်းပဖို့ရှိပါတယ်။ အဲဒါလေးတော့ ကျတော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတယ်။"
၂၁ ပင်လုံညီလာခံကို တက်ရောက်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်ရမယ့် အချိန်ကာလက နီးကပ်နေပြီဖြစ်လို့ ဒီသတ်မှတ်ရက်ကို ထပ်ရွှေ့ဆိုင်းဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။
ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈ နဲ့ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်း အစည်းအဝေးမှာ ရက်ပြောင်းလဲဖို့ ညှိနှိုင်းခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ အဖွဲ့တွေ တစ်ဖွဲ့ချင်းအလိုက် မျက်နှာချင်းဆိုင် ညှိနှိုင်းအစည်းအဝေးလုပ်ဖို့နဲ့ ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွေ အပြိုင်ကျင်းပနိုင်ရေး ကိစ္စအပေါ် နှစ်ဖက်သဘောတူညီချက်ရဖို့ ဒီနေ့ နေပြည်တော် NRPC ရုံးမှာ ဆွေးနွေးခဲ့ပေမယ့် မပြီးပြတ်တဲ့အတွက် မနက်ဖြန်ထပ်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
ဦးဇော်ဌေးက ဒီနေ့ ဆွေးနွေးပွဲ မပြီးပြတ်တဲ့ အခြေအနေကို ပြောပြပါတယ်။
"ကျတော်တို့ JICM ဆုံးဖြတ်ချက်အတိုင်းပေါ့နော် JMC-S အစည်းအဝေးတွေ သွားဖို့ ဒီကနေ့ ဆွေးနွေးတဲ့အခါမှာ EAO ထဲက KNU မှာတော့ တချို့ အခက်အခဲလေးတွေရှိတယ်။ အခက်အခဲလေးတွေရှိတော့ ဒီနေ့ ဆွေးနွေးတာ မပြီးပြတ်ဘူး။ မပြီးပြတ်တော့ မနက်ဖြန်မှာ ဆယ်နာရီမှာ ဆက်ပြီးဆွေးနွေးမယ်။ နောက် အစိုးရ အနေနဲ့ ဒီ ရှစ်ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အတိုင်း KNU အနေနဲ့ သူ့အဖွဲ့ အစည်းအတွင်းမှာ ပြန်လည်ဆွေးနွေးပြီးတော့ သဘောတူညီချက် ရနိုင်မယ်လို့လည်း ကျတော်တို့ မျှော်လင့်ထားတယ်။"
အပစ်ရပ်အဖွဲ့တွေဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးတွေ အပြိုင်ကျင်းပသွားမယ့် ကိစ္စအပေါ် အမြင်မတူတဲ့ အချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဒီနေ့ မနက်က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
"ဒီနေ့ ညှိနှိုင်းအစည်းအဝေးမှာ ရှစ်ကြိမ်မြောက် JICM ဆုံးဖြတ်ချက် အမှတ် ၁ ဖြစ်တဲ့ တစ်ဖွဲ့ချင်းအလိုက်ညှိနှိုင်းအစည်းအဝေး ( Bilateral Meetings ) နဲ့ JMC အစည်းအဝေးများ အပြိုင်ကျင်းပသွားရန်ဆိုတဲ့အပေါ် နှစ်ဦးနှစ်ဖက်ရဲ့ အမြင်သဘောထား၊ နားလည်မှုနဲ့ ချဉ်းကပ်မှု မတူညီတာတွေကို အကျေအလည် ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပိုမိုပါဝင်လာနိုင်ဖို့ ကြိုးစားတာလည်း လိုရာပန်းတိုင်မရောက်သေးဘူး၊ မအောင်မြင်သေးဘူးလို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ အရေးကြီးတဲ့အချက်တွေ သဘောတူနိုင်ရေး အကျေအလည် ညှိနှိုင်းနေတဲ့ပုံစံ တွေ့ရတယ်လို့ ပြောပါတယ်။
"အရင် တတိယအကျော့ ကျင်းပတဲ့ အချိန်တုန်းက ဘာမှ ထူးထူးခြားခြား ဆုံးဖြတ်ချက် မချခဲ့နိုင်ဘူး။ ဒီတခါကျင်းပတဲ့ အခါမှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် လိုအပ်တဲ့ အရေးကြီးတဲ့ အခြေခံမူတချို့ ချမှတ်နိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့ အခါကျတော့ အခုက ရှစ်ချက်လုံး သဘောတူမယ်ဆိုရင်တော့ သူတို့အတွက် အတော်ကောင်းမွန်တဲ့ အကျိုးရှိတဲ့ ညီလာခံ ဖြစ်မယ်လို့တော့ ယူဆပြီးတော့ ရက်တချို့ကိုရွှေ့လိုက်ပြီးတော့ ၂၀ ရက်နေ့ ပတ်ဝန်းကျင်လောက်ကို ရွှေ့လိုက်တယ်လို့ ပြောပါတယ်။ အဲဒါကတော့ ဘာပဲဖြစ်ဖြစ်ကောင်းတဲ့ အလားအလာပါပဲ ။ "
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရအောင် ဆွေးနွေးနေသလို NCA အခန်း ၃ နဲ့ ၄ မှာ ပါဝင်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ၂၀၂၀ အလွန်မှာ ဆက်ပြီးဆွေးနွေးဖို့ သဘောတူညီခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။