ဒူးပလာယာခရိုင်မှာ ရက် ၂၀ အတွင်း တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွား
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ရက်ပေါင်း ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ (၆) က ဩဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ် (BGF) တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၃၃ ကြိမ်မှာ စစ်ကောင်စီ တပ်တွေဘက်က ၄၈ ဦး သေဆုံးပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိန်းဂဏန်းအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တပ်ရင်း ၁၈ နဲ့ တပ်ရင်း ၂၇ နယ်မြေတွေအတွင်း စစ်ကောင်စီတပ်တွေက Multiple Launch Rocket System (MLRS) အတွဲလိုက်ပစ်ရော့ကတ်၊ လက်နက်ကြီး၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာလို့လည်း ဆိုပါတယ်။
ရက်ပေါင်း ၂၀ အတွင်းက တိုက်ပွဲတွေမှာ KNLA ဘက်က နှစ်ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်နက်ကြီးတွေကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ KNU ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ RFA ကို ယခင်က ပြောဆိုထားပါတယ်။
KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၃၅၆,၆၇၄ ဦးထိရှိပြီး အဲဒီအထဲကမှ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးဒုက္ခသည် ၉၀,၂၉၁ ဦး ရှိတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။