မန္တလေးမြို့မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ ၄၀၀ ကျော်ကို ဖမ်းဆီး


2014.07.09
mdy-police-305 မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးအတွက် လမ်းမတချို့မှာ ရဲကားတွေကို ချထားစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ မြို့နယ် ၇ ခုမှာ ဇူလိုင်လ ၈ ရက်နေ့ညအထိ လိုက်နာမှုပျက်ကွက်သူ လေးရာကျော်ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ပြောပါတယ်။

အဲဒီ ဖမ်းဆီးထားသူတွေကို ထောင်ဒဏ် ၇ ရက်ကနေ ၁၅ ရက်အထိ ပြစ်ဒဏ်ချမှတ်အရေးယူနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလို ပြောပါတယ်။

"ထွေအုပ်ကနေပြီးတော့ ပုဒ်မ ၁၄၄ ထုတ်တာကို မလိုက်နာတဲ့အတွက် ပုဒ်မ ၁၄၈ အရ ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲတင်တာခင်ဗျ၊ တရားသူ ကြီး စီရင်ပြီးတော့ ပြစ်ဒဏ်ချတာတွေ ကတော့ ထောင် ၇ ရက် ချတာရှိတယ်၊ ၁၅ ရက် ချတာရှိတယ်၊ ရုံးပြန်ချိန်းတာတွေလည်းရှိတယ်"

ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ပုသိမ်ကြီး၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊  မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းဆီးအရေးယူထား ပြီဖြစ်ပြီး ပဋိပက္ခမှာပါဝင်တယ်လို့ ယူဆရသူတွေကို ဆက်လက် ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။