၄၈ လမ်း ဗလီမီးလောင်မှု မီးအားမြှင့်စက်မှ စဖြစ်ခဲ့
2013.04.02

ရန်ကုန်မြို့ ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ကျွမ်းမှုဟာ တစ်စုံတစ်ယောက ်မီးရှို့တာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒီနေ့ဧပြီလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မနက် ၃ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက်၊ ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်ကျွမ်းပြီး စာသင်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီ လောင်ကျွမ်းမှုဟာ ရှို့မီးမဟုတ်ကြောင်းနဲ့ မီးအားမြှင့်စက် အပူချိန်မြင့်မားရာကနေ စတင်လောင်ကျွမ်းခဲ့တာသာဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လွှတ်တော်ဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မီးလောင်ကျွမ်းတဲ့အဖြစ်မှန်ကို ဖေါ်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မီးလောင်ကျွမ်းစဉ်က ဗလီအတွင်းမှာ စာသင်သား ၇၀ လောက် ညအိပ်ရှိနေခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူ ၄ ယောက်ကိုလည်း ပြန်လည်တွေ့ရှိပြီလို့ သိရပါတယ်။
ဗလီမှာ ညအိပ်ခဲ့တဲ့ စာသင်သား ၃ ဦး ထွက်ဆိုချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းအစိုးရကပြောရာမှာ ဗလီအပေါ်ထပ်ကိုတက်တဲ့ လှေကားအောက်က အင်ဗာတာကနေ စတင်လောင်ပြီး အနီးမှာရှိတဲ့ ဒီဇယ်ပုံးကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ဗလီတာဝန်ရှိသူ ၂ ဦးကို အမှုဖွင့်အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောပါတယ်။ ဒါ့အပြင် စစ်ဆေးတွေ့ရှိချက်တွေကို အစ္စလမ်ဘာသာရေး အဖွဲ့အစည်းငါးခုက ခေါင်းဆောင်တွေကို ရှင်းပြသွားမယ်လို့လည်း သိရပါတယ်။