အစ္စလာမ်တပ်ထူထောင်ဖို့ ကြိုးပမ်းတယ်ဆိုပြီး လူလေးဦးကို ထောင်တစ်သက်တစ်ကျွန်းချ
2016.12.23
KIA အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး အစ္စလာမ်တပ်ထူထောင်ဖို့ ကြိုးပမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ လေးဦးကို မန္တလေးခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံဖို့ မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။
KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲကာ ပုဒ်မ ၁၂၂ နဲ့ အရေးယူတာဟာ တရားမျှတမှုမရှိဘူးလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဇော်ဝင်း ကပြောပါတယ်။
"ဗိုလ်ချုပ်ဂွမ်မော်နဲ့ သွားတွေ့တယ်ဆိုတဲ့အချက်က မှန်တယ်ပဲထားဦး ၁၇ (၁) တို့၊ ၁၃(၁) တို့၊ ၅ (ဌ) တို့၊ ၅၀၅ (ခ)တို့၊ ၁၄၄ တို့ ဒါတွေနဲ့ တပ်ဖွင့်ရမှာလေ အခုက ၁၂၂ တပ်ဖွင့်တယ်ဆိုတာ လွတ်လွတ် ကင်းကင်းဖြစ်ဖို့ဆိုရင် ဗိုလ်ချုပ်ဂွမ်မော် သက်သေလာထွက်ဖို့လိုတယ်၊ မှန်ပါတယ် ဒီလူတွေလာပါတယ်၊ ကျနော့်ဆီလာ အကူအညီတောင်းပါတယ်ဆိုရင် ချ၊ သေဒဏ်ပဲချချ ဘာချချ ဥပဒေကို ဥပဒေလိုပဲ သွားရမှာ"
အမှုနဲ့ပတ်သက်ပြီး အယူခံတက်ဖို့အတွက် ပြင်ဆင်သွားမှာဖြစ်ပြီး လာမယ့် နှစ်ဆန်းပိုင်းမှာ အယူခံဆက် တက်သွားမယ်လို့ ရှေ့နေ ဦးဇော်ဝင်း ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် က မန္တလေးမြို့ဒေသခံ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့ဒေသခံ ဦးမြင့်သိန်းနဲ့ ဦးဗရာမန်း၊ မိုးညှင်းမြို့ဒေသခံ ဦးခင်မောင်ရွှေတို့ကို KIA အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး အစ္စလာမ်တပ်ထူထောင်ဖို့ ကြိုးပမ်း တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အရေးပေါ်စီမံချက် အက်ဥပဒေ၊ မတရားအသင်းဆက်သွယ်မှု ၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့် အရေးယူ ထားတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း အမရပူရမြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒါဏ် ၅ နှစ်၊ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မနဲ့ ၂ နှစ်၊ မတရားအသင်းဆက်သွယ်မှု ၃ နှစ် တစ်ပေါင်းတည်း ၅ နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
မန္တလေးခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံဖို့ မနေ့က အမိန့်ချမှတ်လိုက်တာဖြစ်ပြီး လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့ကို အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။