အစိုးရဘက်က အပစ်ရပ်ပေးဖို့ ၅၄ ပါတီ တောင်းဆို
2014.12.04

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အစိုးရကစတင် ပြီး တဘက်သတ် အပစ်ရပ်ရေးဆောင်ရွက်ဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့ ၅၄ ဖွဲ့က ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် မှာ ပြုလုပ်တဲ့ တိုင်းရင်းသားပါတီများ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများရဲ့ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးနဲ့ အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲကနေ ခုလို တောင်းဆိုလိုက်တာဖြစ် ပါတယ်။ အဖွဲ့အစည်း ၅၄ ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲကို တက်ရောက်တဲ့ UNA အဖွဲ့က ဦးမျိုးထွန်းက ခုလိုပြောပါတယ်။
"ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ အမျိုးသား သွေး စည်းညီညွှတ်ရေးအတွက် တပ်မတော်နဲ့ အစိုးရအပေါ် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ်းမှုများ မှာ သံသယဖြစ်ဖွယ်ရှိပါတယ်၊ ထိုလုပ်ရပ်ကို ကျနော်တို့အဖွဲ့ကနေ ရှုတ်ချကန့်ကွက်ပါတယ်၊ တချိန်တည်းမှာ လူထုလူတန်းစားနဲ့ အစိုးရအကြား စစ်ရေး နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ တစ်နေ့တစ်ခြား တိုးပွားလာ သည်ကို တွေ့နေရပါတယ်၊ ထို့အတွက် တိုင်းပြည် အထွေထွေနိုင်ငံရေး စီးပွားရေး အကျပ်အတည်းများ ဖြေရှင်း နိုင်ရန် အောက်ဖော်ပြပါအချက်များကို အလျှင်အမြန်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကျနော်တို့က တောင်းဆို ပါတယ်"
တောင်းဆိုချက် ၄ ချက်ကို တောင်းဆိုရာမှာ KIA ဗိုလ်သင်တန်းကျောင်း အပစ်ခတ်ခံရတဲ့ကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့အပါအဝင် အစိုးရစစ်စခန်းတွေ နောက်ဆုတ်ပေးဖို့၊ တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို အစိုးရက စတင်ဆောင်ရွက်ဖို့်နဲ့ နိုင်ငံရေးတွေ့ဆုံပွဲတွေ အမြန်ဆုံးပြုလုပ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။
သတင်းစာရှင်းလင်းပွဲကို သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က စီစဉ်တာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းနဲ့ လယ်သမားအဖွဲ့အစည်းတွေ၊ ၉၀ ခုနှစ် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေ အပါအဝင် အဖွဲ့ပေါင်း ၅၄ ဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။