အာဇာနည်နေ့ အခမ်း အနားတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ


2013.07.19
dassk-martyrs-day-305.jpg ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့စဉ်
photo: RFA/ Kyaw Zaw Win

၆၆ နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားကိုတော့ တပ်မတော်က အလေးပြုခြင်းအစီအစဉ်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ၂ မိနစ်လောက် ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားကို အစိုးရအဖွဲ့ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ဂါရပြုခဲ့ပါတယ်။ မနက် ၈ နာရီခွဲလောက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရပြုခဲ့သလို အဲဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုင်တွေက အလှည့်ကျလာရောက်ဂါရပြုကြပြီး လွှမ်းသူ့ပန်းခွေချကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဖြစ်သူ ဦးအောင်ဆန်းဦးကတော့ ဒီကနေ့အခမ်းနားကို တက်ရောက်ခဲ့ခြင်းမရှိပဲ သူ့ကိုယ်စား အခြားသူတစ်ဦးကသာ တက်ရောက်လွှမ်းသူ့ပန်းခွေချခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌတို့ ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက တာန်ရှိသူတွေလည်း တက်ရောက်ဂါရပြုခဲ့ကြပါတယ်။

နိုင်ငံတကာသံရုံးတွေ တက်ရောက်ဂါရပြုရာမှာ မြောက်ကိုးရီးယားနိုင်ငံသံရုံးက သံတမန်တွေလည်း တက်ရောက်ဂါရပြုခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းအပါအင် အရပ်ဘက်လူမှုအဖွဲ့စည်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ( ဗကသ ) ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့အပါအင် ကျောင်းသားအဖွဲ့အစည်းတွေနဲ့ သောင်းနဲချီတဲ့ပြည်သူတွေက အာဇာနည်ဗိမာန်အထိချီတက်ပြီး ဂါရပြုခဲ့ကြပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ NLD ရုံးနဲ့ မစိုးရိမ် ကံတက်ကုန်းကျောင်းတိုက်တွေမှာ ကျင်းပခဲ့သလို ရှမ်းပြည်နယ်တောင်ကြီးနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

ရှမ်းပြည်နယ်က အာဇာနည်နေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပခဲ့တဲ့အကြောင်း ရှမ်းပြည်နယ် NLD က ဒေါ်ခင်ခင်မိုးက ပြောပါတယ်။

ကျောက်ပန်တောင်းမြို့က အာဇာနည်နေ့ အခမ်းအနားကို ဒီနှစ်ထူးထူးခြားခြားနဲ့ အနှောင့်အယှက်မရှိ ကျင်းပနိုင်ခဲ့တဲ့အကြောင်း ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီက ဦးအေးခိုင်က ပြောပါတယ်။

ဒါ့အပြင် ရမည်းသင်း နည်းပညာတက္ကသိုလ်က ကျောင်းသားတွေကလည်း အာဇာနည်ကြီးတွေကိုရည်စူးပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခဲ့ကြသလို ရမည်းသင်း မြို့မအထက်တန်းကျောင်းက လွတ်လပ်ရေးကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချ အစီအစဉ်တွေပြုလုပ်ပြီး အာဇာနည်ကြီးတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

အလားတူ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကရင်ပြည်နယ် မြတီမြို့ မြတီမင်းကြီး ဦးစပန်းခြံန်းအတွင်းက အာဇာနည်ကျောက်တိုင်းမှာလည်း  မြို့ခံရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ မြတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မြို့ခံပြည်သူတွေ၊ နိုင်ငံရေးပါတီနဲ့ လူမှုရေးအသင်းအဖွဲ့ပေါင်း ၃ ကျော်က လူအင်အား ၆ဝဝ လောက်တက်ရောက်ပြီး မနက် ၁ နာရီ ၃၇ မိနစ်အချိန်မှာ နိုင်ငံတော်အလံတက်လွှင့်ထူပြီး ဥသြဆွဲကာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြတာဖြစ်ပါတယ်။ အခမ်းအနားမှာ အာဇာနည် မန်းဘခိုင်ရဲ့မြေးဖြစ်တဲ့ ကိုတိုးထွဋ်ခိုင်က ဒီကနေ့ကျင်းပခဲ့တဲ့ အာဇာနည်နေ့အတွက် မ်းမြောက်မိကြောင်း ပြောပါတယ်။ ကရင်ပြည်နယ် မြတီမြို့မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်မရခဲ့တာဟာဆိုရင် ဆယ်စုနှစ် ၂ စုကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ မြတီမြို့က အာဇာနည်နေ့ အခမ်းအနားကို ရပ်မိရပ်ဖတွေက ကျပ်သိန်း ၄ဝဝ အကုန်အကျခံ ပြင်ဆင်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ခုပ်ခက်ကျေးရွာမှာရှိတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED အဖွဲ့ရဲ့ စာသင်ခန်းမမှာ အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ကျင်းပခဲ့ရာမှာ ဆရာ၊ ဆရာမများ၊ မိဘများနဲ့ ကျောင်းသားကျောင်းသူပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

၆၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်နဲ့ ပျဉ်းမနားမြို့တွေအပါအင် မြို့အတော်များများမှာ စည်စည်ကားကားကျင်းပခဲ့တာနဲ့ ပတ်သက်လို့

RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။