၈ လေးလုံး ငွေရတုအတွက် ၈၈မျိုးဆက်၊ ABSDF နဲ့ လူ့ဘောင်သစ်ပါတီတို့ နှိုးဆော်


2013.05.23
88-anniversary-305.jpg ၈ လေးလုံး ငွေရတုအခမ်းအနား ကျင်းပရေးအတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ မေလ ၂၃ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်နေကြစဉ်
Photo: RFA

လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၂၅ နှစ်မြောက် ၈ လေးလုံး ငွေရတုအခမ်းအနား ကျင်းပဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ကြဖို့ ရည်ရွယ်ပြီး ၈၈ မျိုးဆက် အဖွဲ့အစည်း ၃ ခုဟာ ဒီကနေ့မနက်ပိုင်းက ဆွေးနွေး ကြပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ "ပြည်တွင်းပြည်ပမှ ၈၈မျိုးဆက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့တဲ့အကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က RFA ကို ပြောပါတယ်။

"ဟိုကတည်းက သဘောတူညီပြီးသားဖြစ်တယ်၊ ပြည်တွင်းပြည်ပ ၈၈မျိုးဆက်တွေ စုစည်းနိုင်မည့် တွေ့ဆုံပွဲတစ်ခုကို ၈ လပိုင်းမှာလုပ်ဖို့၊ ဒါနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းပါဝင်နိုင်ဖို့ အဖွဲ့ ၃ ဖွဲ့က လုပ်တာမဟုတ်ပဲနဲ့ အားလုံးကို ကိုယ်စားပြုတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးဖြစ်အောင် ဖိတ်ခေါ်ချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် အားလုံးပူးပေါင်းပါဝင်နိုင်မည့် နိုင်ငံရေးဖြစ်နိုင်အောင်ဆွေးနွေးခဲ့ပါတယ်"

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဆွေးနွေးခဲ့ကြတာပါ။

ဒီနှစ် ငွေရတုအခမ်းအနားမှာ ပြည်တွင်း၊ ပြည်ပမှာရောက်ရှိနေတဲ့ ၈၈မျိုးဆက်တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာနဲ့ ပူးပေါင်းပါဝင်ဖို့အတွက် ဖိတ်ခေါ်ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။