ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် ဒေသခံအာဏာပိုင်တွေ တားမြစ်မှုရှိ

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆိုင်းဘုတ်တွေနဲ့ မကြိုဆိုရဘူးဆိုတဲ့ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

2012.05.17

ဒီနေ့ခရီးစဉ်မှာလည်း ပိတ်ပင်တားမြစ်မှုတွေ ကြုံရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကိုပြောပါတယ်။

" ဒီနေ့ဆိုလို့ရှိရင် ကလိန်အောင်၊ ဘဂေါစွန်း၊ နဘူးလယ်၊ မောင်းမကန်၊ ပိတ်ပင်တားဆီးတာတွေ အဲဒီမှာလည်းဖြစ်တယ်။ ပန်းကုံးတွေနဲ့ မကြိုရဘူး။ အသံချဲ့စက်မသုံးရဘူး စတဲ့တားမြစ်မှုတွေကို ကျွန်တော်တို့ တောက်လျှောက်တွေ့ရတယ်။

တကယ့်တကယ် ကျွန်တော်တို့ရောက်တော့ ဒေသခံရွာသူ ရွာသားတွေက သူတို့မတရားခံနေရတဲ့ ကိစ္စတွေကို တိုင်ချင်လို့စောင့်နေတာ။ အဲတော့ ကျွန်တော်တို့က ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော်တို့နဲ့ ဒေသခံတွေနဲ့တွေ့မှာကို ကြောက်လို့ တားမြစ်တဲ့သဘောမျိုး အဲဒီလိုတွေ့ရတယ်။

ရောက်တဲ့နေ့ အဲဒီမင်းရပ်ကျေးရွာမှာ စပြီးကြုံရတာ။ အဲဒီမှာ ဦးကျော်မင်းသန်းဆိုတာ သူကဒုဦးစီးမှူး၊ မြို့နယ်က သူကနေပြီးတော့ ကျွန်တော်တို့ကို ကြိုဆိုပါသည်ဆိုတဲ့ ဆိုင်းဘုတ်မတင်ရဘူး။ အသံချဲ့စက်မသုံးရဘူး ဆိုတာတွေလုပ်တော့ အမှန်ကတော့ ကျွန်တော်တို့က အဲဒီလမ်းကနေ ဖြတ်သွားဖို့ပဲ "

အဲဒီလို ပိတ်ပင်တားမြစ်တဲ့အတွက် ရွာသားတွေက ပိုပြီးကြိုဆိုကြသလို ဟောပြောဖို့ အစီအစဉ်မရှိတဲ့ ရွာတွေမှာလည်း ဒေသခံတွေရဲ့ တောင်းဆိုချက်အရ ခေတ္တနားပြီး ဟောပြောရတာတွေ ရှိတယ်လို့ ကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဒီနေ့ဟောပြောခဲ့ရတဲ့ နဘူးလယ်ရွာမှာ ထားဝယ်ရေနက် စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမယ့် ရွာသားတွေက သူတို့ဆန္ဒတွေ ထုတ်ဖော်တဲ့အနေနဲ့ စုပေါင်းလက်မှတ်ထိုးကြတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးလေးလွင်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ရေးဆွဲထားတဲ့ ပုဒ်မ ၃၄ မှာဖော်ပြထားတဲ့အတိုင်း ဒေသခံတွေ ဖယ်ပေးရမယ့် မြေဈေးနှှုန်းတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူနဲ့ ဒေသခံတွေ တိုက်ရိုက်ပြောဆို ဆွေးနွေးခွင့်ရဖို့ အခုလို ဆန္ဒပြုလက်မှတ်ထိုးကြတာလို့ ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း သူတို့တင်ပြချက်တွေကို စုဆောင်းခဲ့သလို၊ နောက်နေ့တွေမှာလည်း အဲဒီဒေသတဝိုက် ခရီးဆက်ဖို့ စီစဉ်ထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။