မဲစာရင်းတွေ စစ်ဆေးကြဖို့ ၈၈ အဖွဲ့ လိုက်လံနှိုးဆော်
2015.09.21

မဲစာရင်းတွေကို စစ်ဆေးကြဖို့နဲ့ မဲပေးဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်းဒေသကြီးက ကျုံပျော်၊ ကျောင်းကုန်း၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေ မှာ လက်ကမ်းစာစောင်တွေဝေငှပြီး လိုက်လံနှိုးဆော်နေပါတယ်။
အသက်ကြီးတဲ့သူတွေက မဲပေးခွင့်မရှိတော့ဘူးလို့ ယူဆနေသူတွေလည်းများပြီး ဘယ်လိုမဲပေးရမယ်ဆိုတာကို မသိတဲ့သူတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြော ပါတယ်။
"၅ နှစ်တစ်ကြိမ်လုပ်တဲ့ ဒီရွေးကောက်ပွဲမှာ နိုင်ငံသားအခွင့်အရေးကို ကျမတို့ ပြောခဲ့တာတွေ ရှိတယ်ပေါ့နော်၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်ရှိတယ်၊ ကိုယ့်ရဲ့ဆန္ဒမဲကို မဆုံးရှုံးရအောင် ရွေးကောက်ပွဲနေ့မှာ မဲကိုပေးဖြစ်အောင်သွားပေးပါ၊ တချို့ကျတော့လည်း အရမ်းတက်တက်ကြွကြွမရှိဘူးပေါ့၊ တချို့ကျတော့လည်း မဲပေးရမှန်းကို မသိကျဘူးပေါ့နော်၊ ဘယ်လောက်အထိဆိုးလဲဆိုရင် အသက်ကြီးကြီး အမေအိုကြီးတွေဆိုရင် အမေတို့က အသက်ကြီးပြီပေါ့နော် ပေးစရာမလိုဘူးလို့ အမေကြီးတို့ကို ပြောတယ်ဆိုပြီးတော့ အဲ့လိုမျိုးတွေပါ ကျမတို့ကြားခဲ့ရတယ်ပေါ့နော်"
၈၈ အဖွဲ့က ဦးကိုကိုကြီး၊ မနီလာသိန်းနဲ့ မမီးမီးတို့ ဦးဆောင်ပြီး သူတို့သွားခဲ့တဲ့နယ်ခံ ၈၈ မျိုးဆက် အဖွဲ့တွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး အသိပညာပေးတာတွေ လုပ်နေတာဖြစ်ပြီး မနက်ဖြန်မှာ ပုသိမ်နဲ့ ဟင်္သာတမြို့နယ်တွေဆီ သွားမှာဖြစ်ပါတယ်။
အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲထည့်ကြဖို့ အသိပညာပေးလှုပ်ရှားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရန်ကုန်မြို့မှာ ပထမဆုံးစတင်ခဲ့တာဖြစ်ပါတယ်။
ဒီအတောအတွင်း ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်ကြေညာရာမှာ အမှားအယွင်းတွေ များနေသလို နာမည်မပါတာတွေ၊ သေဆုံးသူတွေ ပါနေတာတွေပါ ရှိတယ်ဆိုပြီး ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ သဘောထား အမြင်တွေကို RFA သတင်းထောက် ကိုဘုန်းမြတ် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။