၈၈ မျိုးဆက်အဖွဲ့က ၂၁ ဦးခန့် ရွေးကောက်ပွဲ ဝင်မည်
2015.07.20

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်လောင်း ၂၁ ယောက်ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး က တောင်ဥက္ကလာပ မြို့မရဲစခန်းမှာ ပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရတဲ့အမှုက သူ့ရဲ့ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ကို ထိခိုက်မှာကို မစိုးရိမ်ဘူးလို့ ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်ထဲ မှာ ထောင်ကျခံနေရသူတွေ ရွေးကောက်ပွဲဝင်ခွင့်မရှိပါဘူး။
ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တောင်ဥက္ကလာပ ၉ ရပ်ကွက်၊ သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းမကြီးပေါ်မှာ ရှိတဲ့ ကလေးကစားကွင်းနေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကသိမ်းယူပြီး အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခဲ့ တာကြောင့် ရပ်ကွက်နေပြည်သူတွေနဲ့အတူ ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲကြောင့် ဦးကိုကိုကြီး အပါအဝင် ၅ ဦးကို တောင်ဥက္ကလာပ မြို့မရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ပြီး လာမယ့် ၂၂ ရက်နေ့မှာ စွဲချက်တင်ဖို့အတွက် ဆင့်ခေါ်ထားပါတယ်။
၈၈ မျိုးဆက်အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ ဦးကိုကိုကြီး၊ ဦးဇော်ဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်း၊ ဦးမြအေး၊ ဒေါ်သက်သက်အောင်၊ ဒေါ်မာမာဦး၊ ဒေါ်မီးမီး စတဲ့ခေါင်းဆောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ အမည်စာရင်းကို ညှိနှိုင်းနေဆဲဖြစ်တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာမှာ ဥပဒေအရ တင်သွင်းခွင့် ရှိ၊ မရှိဆိုတဲ့အပေါ် ကိုကိုကြီး ကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။