မဲပေးဖို့ ဧရာဝတီတိုင်းမှာ ၈၈ အဖွဲ့ လိုက်လံနှိုးဆော်
2015.09.23

မဲစာရင်းတွေ သွားရောက်ကြည့်ရှုကြဖို့နဲ့ မဲပေးဖို့ အသိပညာပေးလက်ကမ်းစာစောင်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ၊ ဇလွန်၊ ဟသာၤတ၊ လေးမျက်နှာမြို့နယ်တွေမှာ ဒီနေ့ လိုက်လံဖြန့်ဝေပြီး တိုက်တွန်းနှိုးဆော်နေပါတယ်။
မဲစာရင်းကို သွားရောက်စစ်ဆေးဖို့ အခက်အခဲရှိကြောင်း နဲ့ မဲပေးရမယ်ဆိုတာကို မသိကြောင်း ဒေသခံတွေ က ပြောကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်အောင်ကျော် က ပြောပါတယ်။
"ကျနော်တို့ အခုလုပ်ဆောင်နေတာမှာ အာဏာပိုင်ကအနှောင့်အယှက်ပေးတာတော့ ကျနော်တို့မကြုံရဘူး၊ သို့သော်လည်း မဲစာရင်းစိစစ်ဖို့ ပြည်သူတွေကို လှုံဆော်တဲ့ နေရာမှာ ပြည်သူဘက်ကနေပြီးတော့ မဲစာရင်းသွားစစ်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိတယ်၊ မဲစာရင်းတွေ ထုတ်ပြန်ကြေညာတာမသိတဲ့ သူတွေရှိသလို မဲပေးရမယ်ဆိုတာတောင် မသိတဲ့သူတွေ ကျနော်တို့အများကြီး တွေ့ခဲ့ရတယ်"
ဟင်္သာတမြို့ပေါ်ရပ်ကွက်မှာ နေထိုင်ကြသူတွေဟာ မဲစာရင်းကို စိတ်ဝင်စား မှုရှိကြပေမယ့် ကျေးရွာတွေ မှာ နေထိုင်ကြသူတွေက မဲစာရင်းကြေညာတာကို မသိရှိကြသူတွေ ရှိနေတယ်လို့လည်း ၈၈ အဖွဲ့ဝင်တွေက ပြော ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်တို့ ဦးဆောင်တဲ့ အဖွဲ့တွေ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ကစပြီး ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ကျိုက်လတ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ အသုတ် စတဲ့မြို့နယ်တွေမှာ သွားရောက်လှုံဆော်ခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။