ဒီမိုကရေစီနေ့မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို

ဦးသိန်းစိန် အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို လာမယ့် ကြာသပတေးနေ့မှာ ကျင်းပဖို့ စီစဉ်ထား တာကြောင့် ခြွင်းချက်မရှိတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ထုတ်ပြန်ဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က သဘောထား ကြေညာချက် တရပ် ဒီကနေ့ ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။

2011.09.12
88-leaders-in-hands-305-z ၈၈ မျိုးဆက် ကျောင်းသာ းခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)
AFP

အစိုးရအနေနဲ့ ဒီမိုကရေစီ အမှန်တကယ် တည်ဆောက်နေကြောင်း ကနဦး သက်သေ ပြချင်တယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ပေါ့ အဲဒီနေ့ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ ပြည်သူတွေ တောင်းတ နေခဲ့တာဟာ ၁၉၈၈ ခုနှစ်ကတည်းက ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ဒီလို လူထုလိုလားတဲ့ ဒီမိုကရေစီရေးအတွက် ရဟန်းရှင်လူပြည်သူတွေ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေဟာ ထောင်ထဲမှာ အထိန်းသိမ်းခံနေရတယ်။ ရပ်ဝေးနယ်ထောင်တွေမှာ ဒုက္ခတွေခံစားနေရတယ်။ တိုင်းရင်းသား ပြည်သူလူထုတွေ မျှော်လင့်နေတာက အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ချက်ချင်းရပ်စဲပေးဖို့၊ အထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ထောင်ကျော်ကို လွှတ်ပေးဖို့ ဖြစ်ပါတယ်”

စက်တင်ဘာလ ၁၅ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့ကို မြန်မာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မစ္စတာကင်တားနားကို ကတိပြု ပြောဆိုခဲ့သလို၊ သမ္မတ ဦးသိန်းစိန်ကလည်း တိုင်းပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်နေပြီလို့ ကြေညာ ထားကြောင်း၊ ဒီ ပြောဆိုချက်တွေကို လက်တွေ့ သက်သေပြတဲ့ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး တိုင်းပြည် ငြိမ်းချမ်းရေး ကိစ္စတွေကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့ပြင် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ကြိုဆိုပြီး၊ နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင် သွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို တည်ဆောက် သွားနိုင်မှာ ဖြစ်ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။