သမ္မတနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2013.09.14

သမ္မတ ဦးသိန်းစိန်ဟာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ ကို နေပြည်တော် လယ်တောခန်းမမှာ ဒီနေ့ မနက်ပိုင်းက ပထမဆုံး လက်ခံတွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျက RFA ကို အခုလို ပြောပါတယ်။
"အဓိက ကျနော်တို့ဦးတည်ပြီးတော့ ဆွေးနွေးတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကများတယ်၊ နောက်လယ်ယာ ကိစ္စတို့၊ အလုပ်သမားကိစ္စတို့၊ အုပ်ချုပ်ရေးယန္တရား ဆိုင်ရာကိစ္စတွေလည်းပါတယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တာကို အများဆုံးဆွေးနွေးခဲ့ပါတယ်”
၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီနေ့သမ္မတနဲ့ တွေ့ဆုံခဲ့သူတွေထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးြကွယ်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ မနီလာသိန်း တို့ပါဝင်ပြီး အဲဒီဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်တို့လည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။