ရှစ်လေးလုံးပါတီနာမည်နဲ့ မှတ်ပုံတင်မည်


2017.12.17
minzayyar-622.jpg ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျာကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Htet Arker/ RFA

၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီလို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ဒီလအတွင်း ပါတီမှတ်ပုံတင်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာ က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းဇေယျာ က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့က ဖြစ်မြောက်ရေးကော်မတီဝင်တွေပေါ့နော်၊ နယ်အသီးသီးက အားလုံးရဲ့ တစ်ခဲနက် သဘော တူညီချက်အရ အခုကျနော်တို့ထောင်မယ့်ပါတီရဲ့နာမည်က ရှစ်လေးလုံးပါတီပါ၊ ရိုးရိုးရှင်းရှင်းလေးပါပဲ၊ ကျနော်တို့ ဗမာလိုရေးရင် ရှစ်လေးလုံးပါတီပါ အက္ခရာဂဏန်းမဟုတ်ပါဘူး၊ ဗမာစာနဲ့ ရေးတာပါ ရှစ်လေးလုံးပါတီပါ"

ပါတီရဲ့တံဆိပ်နဲ့ အလံကို မြန်မာဂဏန်းသင်္ချာ ၈ လေးလုံးနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။

ပါတီတည်ထောင်ခွင့်ရတဲ့အချိန်မှာ ပါတီရဲ့ ဖွဲ့စည်းပုံတွေကို တရားဝင်ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ပါတီရဲ့အဓိကမူဝါဒနဲ့ ပန်းတိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမဟုတ်ဘဲ ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပေါ်ရေးနဲ့ ပါတီနာမည်ပေးဖို့အတွက် တိုင်းနဲ့ပြည်နယ် ၁၀ခုမှာ နိုင်ငံရေးပါတီကိုစိတ်ဝင် စားသူ ၂၀၀ ကျော်နဲ့ နှစ်ရက်တာဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၈ လေးလုံးနာမည်နဲ့ မှတ်ပုံတင်မယ့် ပါတီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ ABSDF အဖွဲ့ဝင်ဟောင်းတွေ ၊ ၁၉၆၂ ကျောင်းသားတွေနဲ့၊ လူငယ်တွေ ပါဝင်ကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။