အစိုးရအဖွဲ့ကို လွှတ်တော်က ထိန်းကျောင်းဖို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ပြော


2019.09.29
kokogyi-622.jpg ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ပါတီ ရုံးဖွင့်ပွဲမှာ ၂ဝ၁၉ စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းကျောင်းရမှာဖြစ်ပေမယ့် မပြောရဲ မဆိုရဲဖြစ်ပြီဆိုရင် ဒီမိုကရေစီ ပျက်စီးမှာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ပါတီ ရုံးဖွင့်ပွဲမှာ ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေ အများစုဦးဆောင်ပါဝင်တဲ့ ပြည်သူ့ပါတီရုံးဖွင့်ပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ရွှေကြာပင်ရပ်ကွက်မှာ ဒီနေ့ ကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက  လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းကျောင်းဖို့ အရေးကြီးတဲ့အကြောင်း ပြောခဲ့တာပါ။

လွှတ်တော်ရဲ့ အဓိက တာဝန်က အစိုးရအဖွဲ့ကို ထိန်းကျောင်းဖို့နဲ့ အစိုးရဌာနတွေ အသုံးပြုမယ့် ဘတ်ဂျက်ကို စီမံခန့်ခွဲပေးဖို့ ဖြစ်ပြီး လွှတ်တော်ရဲ့ နည်းဥပဒေ ဆုံးဖြတ်ချက်တွေအတိုင်း သမ္မတ အပါအဝင် အစိုးရအဖွဲ့က လိုက်နာရမယ်လို့ သူက ဆိုပါတယ်။

ရုံးဖွင့်ပွဲကို ပြည်သူ့ပါတီက ခေါင်းဆောင်တချို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဒေသခံပါတီဝင် ၇၀ ကျော် တက်ရောက်လာတာ တွေ့ရပါတယ်။

မနေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ကာလုံ အစည်းအဝေးခေါ်ဖို့ တပ်မတော်က ပြောဆိုခဲ့တဲ့အပေါ် ပြည်သူ့ပါတီရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တဲ့ ပုံစံနဲ့ မဟုတ်ဘဲ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အားလုံး သဘောတူတဲ့ပုံစံနဲ့ အဖြေရှာရင် စိုးရိမ်စိတ်တွေကို လျော့ချနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ကာလုံမှာ သမ္မတနဲ့ ဒုတိယ သမ္မတ နှစ်ဦး၊ နိုင်ငံခြာရေးဝန်ကြီး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ဆိုပြီး စုစုပေါင်း ၁၁ ဦး ပါဝင်ပါတယ်။

အဲဒီအထဲမှာ ဒုတိယ သမ္မတ တစ်ဦးကို တပ်မတော်က ရွေးချယ်တာဖြစ်တဲ့အတွက် တကယ်လို့ ကာလုံမှာ မဲခွဲဆုံးဖြတ်ရင် တပ်မတော်ဘက်က အသာစီးရနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ပြည်သူ့ပါတီဟာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့နဲ့ မဲမကွဲစေရေး မဟာမိတ် ဆက်ဆံရေး ထူထောင်ဖို့ အရေးကြီးတယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီးက နေပြည်တော်နယ်မြေမှာ အစိုးရ ဝန်ထမ်းတွေ အများအပြားရှိတဲ့အတွက် သူတို့လက်တွေ့ဘဝတွေကို သိရှိနားလည်အောင် ကြိုးပမ်းဖို့လည်း ပါတီဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မလဲဆိုတာ လေ့လာနေပြီး နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ရှိတယ်လို့ ပြောပါတယ်။

ပြည်သူ့ပါတီဟာ လက်ရှိမှာ ပါတီရုံးပေါင်း ၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ပါတီဝင်အင်အား သောင်းနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။