ဖွဲ့စည်းပုံကိစ္စ အထင်ကရပုဂ္ဂိုလ် အားလုံး ဆွေးနွေးဖို့ ၈၈ တိုက်တွန်း


2013.12.24
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အထက်မြန်မာပြည် ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က မိထ္ထီလာမြို့ လူထုတွေ့ဆုံပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောဆိုဆွေးနွေးနေစဉ်။
RFA

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အထင်ကရပုဂ္ဂိုလ်တွေအားလုံး တွေ့ဆုံဆွေးနွေးရေး ဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။

၈၈ အဖွဲ့ကထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောကြားခဲ့တာပါ။

"တွေ့ဆုံဆွေးနွေးရေးဟာ အခုထိ လက်လွှတ်လို့ မရသေးဘူလို့ ကျနော်တို့ပြောချင်နေတာ၊ မကြာခင်ကမှ အားလုံးသိပြီးသားပေါ့ ဗျာ၊ လေးပွင့်ဆိုင်တွေ့ဆုံဖို့ ကမ်းလှမ်းထား တာမျိုးပေါ့ဗျာ၊ ဒါဟာ ဥပမာတစ်ခုပါ၊ ကနဦးလိုအပ်ချက်လို့ ကျနော်တို့က မြင်တယ်ဗျ၊ အဲဒါကပြီးပြည့်စုံပြီလို့ မဟုတ်သေးပေမယ့် ဒါဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ဖြစ်ဖို့အတွက် အစပျိုးတဲ့တွေ့ဆုံမှုတွေကတော့ တကယ်လိုအပ်နေပြီလို့ ကျနော်တို့ ယုံကြည်တယ်"


ဒါ့အပြင် အဖွဲ့အစည်းအားလုံးအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

နိုင်ငံတော်ရဲ့ အခြေခံပြဿနာဖြစ်တဲ့ တိုင်းရင်းသား တန်းတူညီမျှရေးကို ဖြေရှင်းတဲ့အခါမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းက ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

၈၈မျိုးဆက်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားအကြံပြုချက်ကို နိုင်ငံတော်သမ္မတ၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို တနင်္လာနေ့က ပေးပိုခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။