ကောလဟလနဲ့ လက်ဦးမှုယူ တိုက်ခိုက်တာမလုပ်ကြဖို့ ၈၈မျိုးဆက်တိုက်တွန်း
2013.03.28
မိတ္တီလာမြို့ အဓိကရုဏ်းကနေတဆင့် ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေမယ့် ကောလဟလကြောင့် စိုးရိမ်ပူပန်နေတဲ့ အပြစ်မဲ့ပြည်သူတွေအချင်းချင်း လက်ဦးမှုယူပြီး တိုက်ခိုက်တာမျိုးတွေ မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အသိပေးပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်း အခြေအနေတွေနဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားလိုက်တာပါ။
"မြို့တိုင်းရွာတိုင်းကို လတ်တလော ငြိမ်အောင်ထိန်းနိုင်အောင် နံပါတ်တစ်က တစ်ယောက်နဲ့တစ်ယောက် တစ်နေရာမှာ ဘာဖြစ်နေပြီဆိုတဲ့ ကောလဟလပေါ်လာတိုင်း လန့်မသွားဖို့ အရေးကြီးပါတယ်၊ ကျနော်တို့ဒီမှာ မင်္ဂလာဈေးမှာ ယုဇနပလာဇာမှာဖြစ်သလို အကုန်လုံးဈေးပိတ်ပြီးပြေးကြ၊ ကျနော်သိပ်စိုးရိမ်တဲ့အချက် ၁ ချက်ရှိပါတယ်၊ ဒါကလန့်ပြီးတော့ လက်ဦးမှုယူမိတာမျိုး ကျနော်တို့ဖြစ်လို့မရဘူး၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒါကျနော်တို့ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်"
မိတ္တီလာမြို့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် နယ်မြို့တချို့မှာပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာတာဟာ ကောလဟာလတွေကနေတဆင့် ကူးဆက်လာတာဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသအလိုက် တာဝန်ရှိသူတွေ၊ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင် တွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက စုစုစည်းစည်းနဲ့ ကြိုတင်ကာကွယ် ရှင်းလင်းထားဖို့လိုအပ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မနေ့ကထုတ်ပြန်လိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အချက် ၇ ချက်ပါ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိလိုတာတွေကို မေးမြန်းနိုင်ဖို့ အဓိကရည်ရွယ်ပြီး ဒီကနေ့သတင်းစာရှင်းလင်းပွဲကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးအစရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မိတ္တီလာမြို့ကို သွားရောက်လေ့လာခဲ့ရာကနေတွေ့ရှိခဲ့တဲ့ မြို့အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။