၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားတွေ စတင်ကျင်းပ


2013.08.06
minkonaing-silver-jubilee-305.JPG ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရှစ်လေးလုံးငွေရတု အခမ်းအနားမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောကြားနေစဉ်
photo: RFA/ Kyaw Zaw Win

ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ “အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှု” တွေကို ဆန့်ကျင်တဲ့စိတ်ဓာတ်ဖြစ်ကြောင်း၊ ရှစ်လေးလုံးတုန်းက စိတ်ဓာတ်မျိုးနဲ့ လက်တွဲမဖြုတ်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ စတင်ကျင်းပတဲ့ ရှစ်လေးလုံးဒီမိုကရေစီ ငွေရတုအခမ်းအနား အဖွင့်မိန့်ခွန်းမှာ ကိုမင်းကိုနိုင်က အခုလိုပြောလိုက် တာပါ။

"ကျနော်တို့ဆက်ပြီးတော့ ရှစ်လေးလုံးတုန်းက စိတ်ဓာတ်မျိုးနဲ့ လက်တွဲမဖြုတ်ထားဖို့ မေတ္တာရပ်ခံ ချင်ပါတယ်၊ ကျနော်တို့တိုင်းပြည်ဟာ အစိုးရအဆက်ဆက်ပြောင်း၊ ကြွေးကြော်သံတွေ တစ်ခုပြီးတစ်ခုပြောင်းသွားပေမယ့် ကျနော်တို့ရဲ့ ပြည်သူအားလုံးနဲ့ ဒီမိုကရေစီချစ်မြတ်နိုးတဲ့ တိုက်ပွဲဝင်သူ အားလုံးရင်ထဲမှာတော့ ရှစ်လေးလုံးစိတ်ဓာတ်က မပြောင်းလဲပါဘူး၊ ဒါက အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်တွန်းလှန်မယ် ဆိုတဲ့ စိတ်ဓာတ်ပါပဲ၊ အဲဒီစိတ်ဓာတ်ကို ဒီကနေ့အထိ ဆက်ပြီးတော့သယ်ဆောင်လာတာ

ဒီနေ့ ငွေရတုအခမ်းအနားဟာ အောင်ပွဲခံနေတာ မဟုတ်ကြောင်း၊ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ပြည်သူအားလုံး ပါဝင်ခဲ့တာကြောင့် ဒီနေ့ ငွေရတုအခမ်းအနားဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ငွေရတုအခမ်းအနားကျင်းပရခြင်း အကြောင်း ရှင်းပြခဲ့ပါတယ်။

ကျနော်တို့ ရှစ်လေးလုံးငွေရတု ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားဟာ အောင်ပွဲခံသေးတာ မဟုတ်ပါဘူး၊ အောင်ပွဲခံနေတဲ့ အခမ်းအနားလည်း မဟုတ်ပါဘူး၊ လွတ်လပ်ရေးရပြီးခါစကာလကဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေ သန်းနဲ့ချီပြီးတော့ အသက်တွေပေးဆပ်ခဲ့ရတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဒီအခမ်းအနားဟာ အရေးပါတဲ့ခရီးတစ်ထောက်ဖြစ်ပါတယ်”

ဒီနေ့စတင်ကျင်းပတဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို လာမယ့် သြဂုတ်လ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဒီနေ့ဖွင့်ပွဲအခမ်းအနားကိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ရဟန်းသံဃာတော်တွေ စုစုပေါင်း တစ်ထောင့်ငါးရာလောက် တက်ရောက်ခဲ့ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဒီအတောအတွင်း ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အဖြစ် အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့်သြဂုတ်လ ရက်နေ့မှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမအထိ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ချီတက်လမ်းလျှောက်ကြမယ်လို့ သိရပါတယ်။

စုပေါင်းလမ်းလျှောက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူက RFA ကို အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်က ၈၈ တုန်းက ၈ ရက် ၈ လဆိုတာ ကျမတို့ လမ်းကပဲစခဲ့တယ်ဆိုတော့ လမ်းမှာပဲပြန်ပြီးတော့ ငြိမ်းချမ်းစွာလမ်းလျှောက်တာက ပိုအဓိပ္ပာယ်ရှိမယ်ထင်လို့ပေါ့၊ သေဆုံးသွားတဲ့လူတွေရဲ့ သွေးစွန်းနေတဲ့ ဝိဉာဏ်တွေကို လေးစားတဲ့အနေနဲ့ပါ၊ စိတ်ဆန္ဒရှိတဲ့လူတွေ ပေါင်းစည်းပြီးထွက်တာပါ"

အဲဒီလမ်းလျှောက်ပွဲကို မနက် ၉ နာရီမှာ စတင်မှာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်းသားဟောင်းများကွန်ရက်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမျိုးသမီးများနဲ့ ကလေးများကွန်ရက်၊ အမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့(ရွှေပြည်သာ)စတဲ့ အဖွဲ့တွေက စုပေါင်းလမ်းလျှောက်ကြမှာပါ။

မန္တလေးမြို့မှာလည်း ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားကို ဓမ္မသာရခန်းမမှာ ဒီနေ့စတင်ကျင်းပပါတယ်။

အဲဒီမှာ ရှစ်လေးလုံးအောက်မေ့ဖွယ်ရာ မှတ်တမ်းတွေ၊ ပစ္စည်းတွေနဲ့ ဓာတ်ပုံ၊ ပန်းချီတွေကို ပြသထားပြီး နိုင်ငံရေးဟောပြောပွဲတွေကိုလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ ဗကသများအဖွဲ့ချုပ်
ဗဟိုလုပ်ငန်းကော်မတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးရဲရင့်ကျော်က အခုလိုပြောဆိုပါတယ်။

ကျနော်တို့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ ကျောင်းသားတွေရဲ့ အခက်အခဲ ရပ်တည်ရပုံတွေ သုံးဆောင်ရတဲ့ ပစ္စည်းတွေကအစ ကိုယ့်မျိုးဆက်သစ်တွေမြင်ဖို့ ကျနော်တို့ အကုန်လုံးပြသထားတယ်၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြသထားတယ်”

အခမ်းအနားကို လာမယ့် ၈ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပသွားမှာဖြစ်ပြီး ဒီကနေ့အခမ်းအနားမှာ ပန်းချီကာတွန်းပြပွဲတွေ ရှစ်လေးလုံးနှစ်ပတ်လည်နဲ့ ပတ်သက်တဲ့ စာပေဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

တချိန်တည်းမှာဘဲ တိုင်းမ်မဂ္ဂဇင်းပါ ဆရာတော် ဦးဝီရသူဆောင်းပါးနဲ့ ဆရာတော် ဦးဝီရသူတရားပွဲမှာ ဗုံးပေါက်ကွဲမူကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့နေ့လည်ပိုင်းက မန္တလေး သံဃာတော်အပါး နှစ်ရာကျော်ဟာ မစိုးရိမ်ကျောင်းတိုက်ကနေ မဟာမြတ်မုနိဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတာဖြစ်တဲ့အတွက် ရဲနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးတို့က လာရောက်တားမြစ်တာရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရှစ်လေးလုံး လူထုအုံကြွမှု ၂၅ နှစ်မြောက် အခမ်းအနားကို ရေနံချောင်းမြို့မှာလည်း ဒီနေ့ကျင်းပပြုလုပ်ပါတယ်။ လယ်ပေါ်သာသနာ့ဗိမ္မာန်ကျောင်းတိုက်မှာ ပြုလုပ်တဲ့အဲဒီအခမ်းအနားမှာ ရေနံချောင်းမြို့ရဲ့ ရှစ်လေးလုံးလူထုဆန္ဒပြပွဲ မှတ်တမ်းဓါတ်ပုံတွေကိုလည်း ပြသထားသလို ရှစ်လေးလုံးအရေးတော်ပုံအတွင်း ပါဝင်လှုပ်ရှားခဲ့ကြသူတွေက အသီးသီးဟောပြောခဲ့ကြပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းဦးက အခုလိုပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချင်သော်လည်း ကျနော်တို့မပြုခဲ့ရပါဘူး၊ ဒီအခမ်းအနားကျမှပဲ အနှစ် ၂၅ ကျမှပဲ ဒီလိုခမ်းခမ်းနားနားလေးနဲ့ ဂုဏ်ပြုခဲ့ရတဲ့အခါကျတော့ ဝမ်းနည်းဝမ်းသာပါတယ်၊ ဖြေလည်းဖြေဖို့ခက်ပါတယ်၊ ရေနံချောင်းမြို့ အမျိုးသားတွေရဲ့စိတ်ထဲမှာ နှစ် ၂၅ ကြာသော်လည်း မမေ့ဘူးဆိုတာ ဒီအခမ်းအနားက သက်သေပြလိုက်တာပါ”

ဒီအခမ်းအနားမှာ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူငါးဦးအတွက် တစ်ဦးကိုဂုဏ်ပြုငွေ ငါးသိန်းစီနဲ့ ဒဏ်ရာရရှိခဲ့သူ ၁ဝ ဦးအတွက် တစ်ဦးကိုငွေကျပ် ၇သာင်း ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့ပြင်ပဲခူးမြို့မှာလည်း ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနားပွဲ ဒီနေ့ကျင်းပကြောင်းသိရပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့စတင်ကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုပထမနေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။