နယ်ခြားစောင့်တပ်ဖွဲ့ရေး ကေအိုင်အို ငြင်းဆို
2010.08.31

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ရက်နေ့က မြစ်ကြီးနားမြို့မှာ ကေအိုင်အိုဥက္ကဥ ဦးဇောင်း ဟရားနဲ့ စရဖ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တွေ့ဆုံစဉ်မှာ စစ်အစိုးရဖက်က စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့တာပါ။ ဒါ့အပြင် အဆိုပြုထားတဲ့အတိုင်း လက်မခံခဲ့ရင် ကေအိုင်အိုအဖွဲ့ဟာ မတရားသင်းအဖြစ့် အသတ်မှတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်၊ အလားတ ူပြောဆိုမှုမျိုး UWSA အဖွဲ့ကိုလည်း တန်ယန်းမြို့မှာ စစ်အစိုးရက ပြောဆိုခဲ့ပါတယ်။
ကေအိုင်အိုအဖွဲ့ရဲ့ ကြေညာချက်မှာ ပင်လုံ အခြေခံစိတ်ဓာတ်နဲ့ ပင်လုံမှာ ထားရှိခဲ့တဲ့ ကတိတွေကို အခြေခံပြီး ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ ကေအိုင်အိုအနေနဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးထက် ပြည်ထောင်စု တပ်မတော်အတွင်းရှိ တပ်များ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းသွားဖို့ လိုလားတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီး ဆင်ဝါက ခုလို ပြောပါတယ်။
“အသွင်ကူးပြောင်းရေး ဆိုတာကို ကျွန်တော်တို့က ဒီ ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့ ချိတ်ဆက်ထားတာပေါ့လေ၊ ကျွန်တော်တို့ နိုင်ငံရေး ပန်းတိုင်ကတော့ ပင်လုံ စိတ်ဓာတ်ပေါ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတော့ အဲဒီပေါ်မှာပဲ ဒီ အဖြေရလဒ် ပြောင်းလဲမှု၊ တိုးတက် ဖြစ်ထွန်းမှု အပေါ်လိုက်ပြီးမှ ကျွန်တော်တို့က လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် နောင်တက်လာတဲ့ အစိုးရအဖွဲ့ ပြည်နယ်အစိုးရအတွင်း KIO အဖွဲ့ကို တိုက်ရိုက် ပါဝင်ခွင့်ပြုဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကိုတော့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာပြီး အတိုးအလျော့ ပြုလုပ်လို့ ရပါတယ်လို ကေအိုင်အိုအဖွဲ့က ပြောဆိုပါတယ်၊
ကေအိုင်အိုအဖွဲ့ရဲ့ ကြေညာချက်ကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ပြီး တနင်္ဂနွေနေ့အထိ ကျင်းပခဲ့တဲ့ ကေအိုင်အို ကွန်ဂရက်မှာ ဆွေးနွေးပြီး ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကေအိုင်အိုအဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆင်ဝါကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |