ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း မြန်မာကို မထိခိုက်နိုင်
2017.11.03

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ သီရိလင်္ကာနိုင်ငံ တမီနာဒူးလ်ကမ်းခြေနား မှာ ဆက်တည်ရှိနေပြီး နောက် ၃ ရက်အတွင်းတော့ မုန်တိုင်းငယ်အဖြစ် မရောက်နိုင်သေးသလို မြန်မာနိုင်ငံကို မထိခိုက်နိုင်ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်ပေါ်လာရင် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းကို ဝင်ရောက်ဖို့များတယ်လို့ လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်း က ပြောပါတယ်။
"ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းပေါ့နော်။ အနောက်တောင်ပိုင်းဆိုတော့ သီရိလင်္ကာနိုင်ငံနားမှာပေါ့လေ။ အိန္ဒိယကမ်းရိုးတန်းနားမှာ ဖြစ်နေတာပေါ့လေ။ သူကတော့ လာမယ့် ၁ ရက် ၂ ရက်အတွင်းက အားကောင်းလာဖို့ မရှိသေးဘူး။ မုန်တိုင်းအဖြစ် အားကောင်းလာဖို့ မရှိသေးဘူး။ မုန်တိုင်းဖြစ်လာရင် လည်း အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဘက်ကို ရာခိုင်နှုန်းများတယ်။ မြန်မာနိုင်ငံအတွက်တော့ မုန်တိုင်း တိုက်ခတ်မှုတော့ မရှိဘူးပေါ့နော်။"
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့် ရောက်လာရင်တော့ မုန်တိုင်းကလွင့်လာတဲ့ တိမ်တွေကြောင့် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာတော့ မိုးများနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းပင်လယ်ကွေ့ မလေးကျွန်းဆွယ်အနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုလည်း ဖြစ်ပေါ်နေတယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ပင်လယ်ရေပြင်တွေဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်၊ ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွေ မှာ လေထုမငြိမ်သက်တာတွေ ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေဖြစ်နေတယ်လို့လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ မုန်တိုင်းဖြစ်လာနိုင်ပြီး သီရိလင်္ကာနိုင်ငံဘက်ကိုပဲ ဦးတည်သွားမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ထိခိုက်မှုနည်းလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။