ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားတွေပြန်ခေါ်တာ ရွှေ့ဆိုင်းနိုင်

လုဆိုင်း
2020.09.02

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်ပြန့်ပွားလာနေတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ခေါ်တာ ရွှေ့ဆိုင်းဖို့ ထိုင်းကျန်းမာရေးဝန်ကြီးက တောင်းဆိုတာတွေ လုပ်နေပြီး နယ်စပ်လုံခြုံရေးတင်းကျပ်မှုတွေလည်း လုပ်နေပါတယ်။

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ အလုပ်လုပ်နေတဲ့ MOU အလုပ်သမားတွေကို ခေါ်ယူတာ ရွှေ့ဆိုင်းဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားနေတာကြောင့် ထိုင်းအစိုးရအနေနဲ့ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး မြန်မာလုပ်သားတွေကို ခေါ်ဖို့ ရွှေ့ဆိုင်းလိုက်တာ  ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အသိပညာရေးပေးမှုတွေကို Myanmar Live လူမှုကွန်ရက်ကနေ တင်ဆက်ပေးနေတဲ့ ဦးစူရချိုင်မင်းထွန်းက ပြောပါတယ်။

“လုပ်ငန်းရှင်တွေအတွက်ကတော့ လုံးဝမခေါ်ဖို့ အတွက်ပဲ။ အခုတော့ ထိုင်းနိုင်ငံမှာ တရားဝင်မဖြစ်သေးတဲ့ အလုပ်သမားတွေအတွက် တရားဝင်ဖြစ်အောင် ပြန်လုပ်ပေးမယ်ဆိုပြီးတော့ ကြေညာချက်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံက အလုပ်သမားတင်သွင်းလာလို့ မရပေမဲ့လည်း တချို့သောအလုပ်သမားတွေက ၅၀ ရာခိုင်နှုန်း တရားဝင် ဖြစ်နေပြီလေ”

သြဂုတ်လ ၁၇ ရက်နေ့ကနေစပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လိုအပ်နေတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်နိုင်ဖို့ သက်တမ်းကုန်သွားတဲ့ လုပ်သားတွေကို လာမဲ့ ၂၀၂၂ ခုနှစ် မတ်လထိ  ထိုင်းအစိုးရက သက်တမ်းတိုးပေးနေတာပါ။

ထိုင်းအစိုးရအနေနဲ့ အခုလကုန် စက်တင်ဘာလ ၃၀ ရက်နေ့ထိ အရေးပေါ်ကာလ သက်တမ်းကို ထပ်တိုးထားပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် နိုင်ငံခြားကနေ ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူချင်ပေမဲ့လည်း စီးပွားရေးထက် ရောဂါကာကွယ်ရေးက အဓိကအရေးကြီးနေတယ်လို့ ဦးစူရချိုင်မင်းထွန်းက ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ အရေးပေါ်ကာလ တလထပ်တိုးထားတဲ့အခါကျတော့ ဥပဒေကတော့ ကျနော်တို့ အလုပ်ရှင်တွေအနေနဲ့ သိပ်ပြီး သဘောမကျပေမဲ့လည်း သူတို့နိုင်ငံရဲ့ လုံခြုံမှုအတွက် ကိုရိုနာဗိုင်းရက် ထိုင်းနိုင်ငံကို ဝင်လာမှာနဲ့ အလုပ်သမားတွေ ဝင်လာမှာနဲ့ ဆိုတဲ့အခါကြတော့ အန္တရယ်ဖြစ်မှာ သူတို့အနေနဲ့ ရောဂါနဲ့ပတ်သက်ပြီးတော့ လုံခြုံမှုကို အဓိကထားပြီးတော့ မကျေနပ်ရင်လည်း ကျေနပ်လိုက်ရတယ်ဆိုတဲ့သဘောမျိုး ရှိပါတယ်”

ထိုင်းနိုင်ငံထဲ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေး မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားမယ့်ကိစ္စ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူသွား မယ်လို့ ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ ဆိုဖောန် (Dr.Sophon)က  ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ့်သတင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ သုံးလလောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မရှိတော့တဲ့အချိန်မှာ မြန်မာပြည်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် သိသိသာသာတိုးလာနေလို့  ထိုင်းအစိုးရက စိုးရိမ်မှုတွေ မြင့်မားနေတာလို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းအစိုးရက ကိုဗစ်ကပ်ဘေး စိုးရိမ်ကြောင့်ကြမှုကြောင့် မခေါ်စေလိုတာ။ လုပ်ငန်းရှင်တွေက ကုန်ကျစရိတ်တွေ များပြားလွန်းတဲ့အတွက် မခေါ်ချင်တာ။ အဲတော့ ထိုင်းအစိုးရကလည်း ပြောမယ်ဆိုရင် ကန့်သတ်ချင်တယ်။ လုပ်ငန်းရှင်တွေကလည်း ထိခိုက်တယ်။ ဒီအနေအထားလေးပါ။ ပြီးတော့ တလ တလဝင်ရနိုးနဲ့ အလုပ်ရှာဖွေရတာ ခက်သွားတယ်။ နောက်တခုက အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်တယ် ထိုင်းနိုင်ငံမှာ။ အဲဒီအလုပ်သမားတွေအတွက်က တော်တော် နစ်နာသွားတာပေါ့”

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ အလုပ်လုပ်နေတဲ့(MOU) အလုပ်သမားတွေကို ခေါ်ယူဖို့က  ညှိနှိုင်းနေတုန်းပဲလို့ မဲဆောက်မြို့ အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

“ကျနော်တို့ဝင်မယ်၊ မဝင်ဘူးဆိုတာ နှစ်နိုင်ငံ ညှိနှိုင်းဆဲပဲ ရှိသေးတယ်။ ဒီ MOU ကိစ္စတော့ တံတားတွေမှာ ဂိတ်ဖွင့်ဖို့ လောလောဆယ်ကာလတွေမှာ မြန်မာဘက်ကလည်း လူစုအုံတာ မဖြစ်သလို ထိုင်းဘက်ကလည်း လူစုလို့ မဖြစ်သေးတဲ့ အခြေအနေဖြစ်နေတယ်လေ။ အဲဒါကြောင့်ပါ”

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်မှာ MOU မြန်မာလုပ်သား ကိုးသိန်းကျော်ရှိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နေရပ်ပြန်သွားသူတွေ ရှိတဲ့အတွက်  ထိုင်းနိုင်ငံမှာ လက်ရှိ ရှိနေတဲ့ တရားဝင်မြန်မာအလုပ်သမားအရေအတွက်ကို အတိအကျ မသိနိုင်သေးဘူးလို့ ဦးဝေလင်းမောင်က ပြောပါတယ်။

မြန်မာလုပ်သား ပြန်လည်ခေါ်ယူဖို့ ကုန်ကျစရိတ်တွေကို ထိုင်းလုပ်ငန်းရှင်တွေဘက်က စိုက်ထုတ်ရတာပါ။ အခုလိုကာလမှာ ထိုင်းလုပ်ငန်းရှင်တွေဘက်က ငွေကြေးစိုက်ထုတ်ရေးကို မလိုလားဘဲ ဖြစ်နေပါတယ်။ အဲဒါကြောင့်  ညှိနှိုင်းမှုတွေရှိလာပြီး လုပ်သားတွေခေါ်ဖို့ အခက်အခဲတွေဖြစ်လာပါတယ်။

ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သား တစ်သိန်းနှစ်သောင်းကို ပြန်လည်ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက တရားဝင်ပြောဆိုထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တကျော့ပြန် ဖြစ်ပွားလာမှာကို ထိုင်းဘက်က စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကနေ ဒီနေ့ထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချစ်ကြည်ရေး တံတားအမှတ် (၂) ပေါ်ကနေ နေရပ်ပြန်သူ တသိန်း တသောင်းကျော် ရှိနေပါပြီ။ နေ့စဉ် ဒီတံတားကနေ မြန်မာအလုပ်သမား လေးငါးရာလောက် မြန်မာနိုင်ငံကို ပြန်နေကြတာပါ။

ဒါပေမဲ့လည်း တရားမဝင်နည်းနဲ့နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ကြမယ့် မြန်မာနိုင်ငံသားတွေကလည်း နေ့စဉ်ရှိနေ ပါတယ်။ လတ်တလော တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို တားဆီးဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်း သောင်ရင်းမြစ်တလျှောက် ထိုင်းဘက်က လုံခြုံရေးတပ်တွေက ၂၄ နာရီ စောင့်ကြည့်မှုတွေ ဆက်တိုက် လုပ်နေပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ ခိုးဝင်မလာနိုင်အောင် နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နယ်စပ်က ဝင်ရောက်လာသူတွေကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိုင်း မြန်မာနယ်စပ် ခရိုင်၊ မြို့နယ် ၁၀ ခုက အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးထားတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချတ်ချိုင် ဖရုတ်လတ် (chatchai phromlert) ကပြောဆိုထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ပြီးခဲ့တဲ့အပတ်က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။