တိုက်ခိုက်ခံရတဲ့ ICRC ရိက္ခာတင် အငှားစက်လှေဝန်ထမ်းကို ရဲစခန်းမှာ စစ်ဆေးနေ


2020.10.30
ICRC-staff-rakhine-622.jpg တိုက်ခိုက်ခံရလို့ ဒဏ်ရာရသွားတဲ့ ICRC ရိက္ခာတင် အငှားစက်စက်လှေဝန်ထမ်းတွေကို ICRC အဖွဲ့ရဲ့ အစီအစဉ်နဲ့ ရသေ့တောင်မြို့နယ်ကနေ စစ်တွေဆေးရုံကို အောက်တိုဘာလ ၃၀ ရက်နေ့က ပို့ဆောင်ပေးနေစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ရိက္ခာတင် အငှားစက်လှေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အသက်မသေဘဲ လွတ်မြောက်လာတဲ့ စက်လှေအလုပ်သမား ကိုကံအေးချမ်းကို စစ်တွေမြို့မရဲစခန်းက ဒီနေ့ခေါ်ယူစစ်ဆေးနေပါတယ်။

စက်လှေဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းချင်တဲ့အတွက်ဆိုပြီး မိသားစုဝင်တွေကနေ တဆင့် စခန်းတာဝန်ရှိသူတွေက အကြောင်းကြားလာကြောင်း၊ သူ့အနေနဲ့  ဖြစ်ရပ်မှန်ကို သွားရောက်ထွက်ဆိုမယ့် အကြောင်း ကိုကံအေးချမ်း က ဒီနေ့မနက် ၁၀ နာရီကျော်အချိန် ရဲစခန်းကို သွားနေစဉ် RFA ကို ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

ကိုကံအေးချမ်းဟာ စစ်တွေမြို့မရဲစခန်းမှာ မနက် ၁ဝ နာရီကတည်းကနေ စစ်ဆေးခံနေရတာ ဒီနေ့ညနေ ၆ နာရီခွဲအထိ ရဲစခန်းကနေ ပြန်မရောက်လာသေးဘူးလို့ မိသားစုက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်တွေမြို့မရဲစခန်းမှူးကို တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

အောက်တိုဘာလ ၂၈ ရက်နေ့က စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာက ဒုက္ခသည်တွေအတွက် ICRC အဖွဲ့ရဲ့ စားနပ်ရိက္ခာတွေကိုတင်ဆောင်ပြီး ဖြန့်ဝေဖို့သွားတဲ့ အငှား စက်လှေတစ်စီးဟာ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနီး မေယုမြစ်ထဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရလို့ မီးလောင်ပျက်စီးသွားခဲ့ရတာပါ။ အဲဒီဖြစ်စဉ်အတွင်း လှေပေါ်ပါလာတဲ့ စက်လှေဝန်ထမ်း ၁ ဦးသေဆုံးပြီး ၂ ဦးဒ ဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်သွားတဲ့ စက်လှေပေါ်က ICRC အဖွဲ့ အမှတ်တံဆိပ်ပါ စားနပ်ရိက္ခာအချို့ကို အနီးအနားက ဒေသခံကျေးရွာသားတွေက သိမ်းဆည်းပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့က မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ရေယာဉ် ၃ စီးဟာ အဲဒီနေ့မနက်ပိုင်းမှာ အောင်ဇေယျကျေးရွာကနေ ရသေ့တောင်မြို့ကို ခုတ်မောင်းလာစဉ် အောင်ဇေယျကျေးရွာရဲ့ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ မင်းကျွန်းအနီးကိုအရောက်၊ အနောက်ဘက်ကမ်းက အရှိန်နဲ့ မောင်းနှင်လာတဲ့ စက်လှေပေါ်ကနေ AA အကြမ်းဖက်သောင်းကျန်းသူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှောင့်ယှက် ပစ်ခတ်လို့ တပ်မတော်စစ်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ စီးနင်းလာတဲ့ အဲဒီစက်လှေဟာ မီးစွဲလောင်ပြီး မေယုမြစ်အတွင်း မျောပါသွားခဲ့တယ်လို့ အခင်းဖြစ်တဲ့ အောက်တို ဘာလ ၂၈ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

လှေဝန်ထမ်းတွေကတော့ သူတို့ဟာ AA အဖွဲ့နဲ့တစုံတရာပတ်သက်မှုမရှိဘဲ ICRC အဖွဲ့ရဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာတွေကို ဖြန့်ဝေပေးဖို့ သွားရောက်တာဖြစ်ကြောင်း၊ စက်လှေပေါ်မှာ လက်နက်လည်းတစုံတရာ မပါရှိကြောင်း၊ တပ်မတော်ရေယာဉ်တွေက သူတို့စက်လှေကို သတိတစုံတရာမပေးဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း RFA ကို ပြောဆိုထားပါတယ်။

စက်လှေပေါ်မှာ ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုရရှိဖို့အတွက် ICRC အဖွဲ့က မနေ့က စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးသွားတယ်ဆိုတဲ့ ရေယာဉ်ဝန်ထမ်းရဲ့ မိသားစုအတွက်လည်း အကူအညီတွေပေးဖို့ အသင့်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က ဒီနေ့ညနေက သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။