ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပေးရန် UDP ပါတီ တောင်းဆို
2010.08.17

ရန်ကုန်မြို့UDP ပါတီဌာနချုပ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ပါတီ အရေးပေါ် အစည်းအဝေးကနေ အခုလို တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။
စစ်အစိုးရရဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက် ပုဒ်မ ၁၀ ၊ ၄၀-က၊ ၃၆ တို့အရ မဲဆန္ဒ နယ်မြေတခုအတွင်း အခြားဝင်ပြိုင်သူ မရှိပဲ ကိုယ်စားလှယ်တဦးတည်းသာ အမည်စာရင်း တင်သွားခဲ့မယ်ဆိုရင်၊ အဲဒီ လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒမဲ ခံယူစရာမလိုပဲ အလိုအလျောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြောက်ရမယ်လို့ ပြဌာန်းထားချက်နဲ့ ၊ ကိုယ်စားလှယ်တဦးစီအတွက် ကျပ် ၅ သိန်း တက်သုတ်ရိုက် သွင်းရမဲ့ အခြေအနေတွေကို ဆက်စပ်ကြည့်ရင် စစ်အစိုးရက ရွေးကောက်ပွဲကို မမျှမတ ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာ ထင်ရှားကြောင်း UDP ပါတီက သုံးသပ်တယ်လို့ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။
“ဤသို့ဆိုလျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၁ (က) အရ လွှတ်တော်အသီးသီး မဲဆန္ဒနယ် အများစုတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းနိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ယင်းမဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲ ကျင်းပခြင်း ပြုရန် မလိုအပ်တော့ပဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကော်မရှင် အဖွဲ့ခွဲက ကြေညာရမည်ကဲ့သို့ ဖြစ်လာနိုင်ပါသည်။”
“ထိုအခါ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟုတ်မဟုတ်၊ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်မှု ရှိမရှိနှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်လာနိုင်ပါသည်။ ယခုအခါ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန် ယုံကြည်မှု အလွန် အားနည်းလာပါသည်။”
ဒါ့အပြင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမဲ့ ရက်နဲ့ ငွေပမာဏကို ပြင်ဆင်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ကြောင်း UDP ပါတီ ဥက္ကဌ ဦးသိန်းဌေးက ရှင်းပြပါတယ်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ရှေ့ရှုလျက် နိုင်ငံရေးပါတီများအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ လုံလောက်သော အချိန် စက်တင်ဘာလသို့ ပြင်ဆင် ပြောင်းလဲ သတ်မှတ်ပေးရန်နှင့် ရွေးကောက်ပွဲ ဝင်ခွင့် မှတ်ပုံတင်ကြေးများ များပြားလွန်းပါသဖြင့် ကျပ် တသိန်းသို့ ပြင်ဆင် ပြောင်းလဲ သတ်မှတ်ပေးရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။”
အခုလို အခြေအနေတွေကြောင့် UDP ပါတီဟာ တနိုင်ငံလုံး အတိုင်းအတာအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်တော့မယ်လို့ ၂ရက်ကြာကျင်းပခဲ့တဲ့ ပါတီအရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ကြကြောင်း သိရပါတယ်။