ဂွမြို့ ခမရ-၅၆၂ တပ်ရင်း အတွင်းပိုင်းအထိ AA ဝင်တိုက်
2024.12.23

ရခိုင်ပြည်နယ်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၆၂ တပ်ရင်းအတွင်းပိုင်းထိ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကလည်း စခန်းကို လက်မလွှတ်ရရေး ရေတပ်သင်္ဘောတွေက အမြောက်တွေနဲ့ အဝေးက ပစ်ခတ်နေပြီး လေကြောင်းကနေလည်း အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"နေဗီ (ရေတပ်) နဲ့ လေကြောင်းကတော့ အပြင်းအထန်ပစ်နေတာ၊ သင်္ဘောတွေက နေရာအတည်တကျမဟုတ်ဘူး၊ ပစ်လိုက် မောင်းပြေးလိုက် အဲ့ဒီလိုပဲ။ ကမ်းခြေအနား မကပ်နိုင်ဘူး"
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ ဂွမြို့နယ်ထဲမှာရှိတဲ့ ရခိုင်ရိုးမတောင်ပေါ်ကို တဖြည်းဖြည်း ဆုတ်ခွာနေပြီး အင်အားပြန်စုနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က ဝတိမ်မှာ အဲဒီမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဝတိမ်က ကြားစခန်း ၅၆၂ နဲ့ ဒေါင့်ချောင်းကြားမှာ ရှိတယ်"
ဂွမြို့ပေါ်က နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့တာတွေရှိနေပြီး ရခိုင်ရိုးမပေါ်ကနေ ဧရာ၀တီတိုင်းဘက်ကို တစ်ဆင့်ချင်း ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်နေတယ်လို့ AA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် သုံးမြို့နယ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး AA က ၁၃ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ကျန်တစ်မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။