လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေကြောင်း AA ထုတ်ပြန်

RFA Burmese
2024.03.25
လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။
ဓာတ်ပုံ - ဟန်ငြိမ်းဦး

စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီရက်ပိုင်းအတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့အတွက် ကြိုးစားတာလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅)က လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြပွဲလုပ်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာ ၇ဝဝ ခန့်ဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မောင်တောမြို့မှာလည်း အလားတူဆန္ဒပြပွဲတွေ ဖန်တီးဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး အာရက္ခပြည်သူတွေအနေနဲ့ စစ်ကောင်စီလိုချင်တဲ့ နိုင်ငံရေးထောင်ချောက်မှာ မမိကြဖို့ နိုင်ငံရေးအသိ၊ သမိုင်းထဲက အတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိထားစောင့်ကြည့်ကြဖို့ ULA က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး လူမျိုးပေါင်းစုံကို စစ်သားအဖြစ် စုဆောင်းနေပြီး အဲဒီအထဲ ရိုဟင်ဂျာတွေလည်းပါဝင်နေသလို ‌ရသေ့တောင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေကို ထည့်သွင်းအသုံးပြုခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်တိုက်ခိုက်သွားမှာဖြစ်သလို အာရက္ခဒေသအတွင်း ရက္ခိုင့်တပ်တော်ကလွဲပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိရဆိုတဲ့ မူအတိုင်း ရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် စစ်ကောင်စီ ကြိုးပမ်းနေတယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။