ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ဆက်လက်ကြိုးစားသွားမယ်လို့ AA အဖွဲ့ပြော
2019.05.28
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတေ်ာက လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲအပြီးမှာ တပ်မတေ်ာသတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် AA ကို အခြေချခွင့်မပေးနိုင်ဘူးလို့ တပ်မတော်ရဲ့ သဘောထားကို ပြောကြားခဲ့ပါတယ်။
ရခိုင်တပ်မတော် AA အဖွဲ့ဟာ KIA ထိန်းချုပ်တဲ့ လိုင်ဇာမှာ စတင်ခဲ့တာဖြစ်တာကြောင့် လိုင်ဇာမှာဆို ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုတပ်မတော်ဘက်က ရခိုင်တပ်မတော်ကို ရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးဘူးဆိုတာနဲ့ ပတ်သက်ပြီး လက်မခံနိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်ဟာ အရင်ကလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော်ဟာ ရှိကိုရှိရမယ်လိ့ု ခိုင်သုခက ပြောပါတယ်။
ရခိုင့်တပ်မတော် AAအဖွဲ့ ကိုရခိုင်ပြည်နယ်မှာ အခြေချခွင့်မပေးဘူးလို့ပြောတာဟာ လက်ရှိပကတိအခြေအနေနဲ့ ကွာခြားနေပြီး နှစ်ဘက်ညှိလို့မရရင် တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။
လက်ရှိအချိန်မှာ AAအပါအဝင် KIA ၊ TNLA ၊ MNDAA စတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့အနေနဲ့ NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးခင် တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တွေဆုံဖို့နေရာရွေးနေကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။