ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော
2011.11.12

ပြီးခဲ့တဲ့ အောက်တိုဘာလက အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၄ဝ လောက် ပါဝင်ခဲ့ကြောင်း၊ ဒီအကျဉ်းသားတွေ လွှတ်ပေးရာမှာ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင့်တဲ့သူတွေကို ဦးစားပေး လွှတ်ပေးခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပေမဲ့ အကျဉ်းထောင်တွေထဲမှာ အရှင်ဂမ္ဘီရလို ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင်တဲ့သူတွေ အများအပြား ရှိနေသေးကြောင်း အေအေပီပီက ဖော်ပြထားပါတယ်။
အကျဉ်းထောင်တွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင် အခြေအနေ ဆိုးရွားမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ ကျန်းမာရေး ဆိုးရွားလာရတာ ဖြစ်ကြောင်းကို အဓိကထား ထောက်ပြထားပါတယ်။
အရှင်ဂမ္ဘီရဆိုရင်လည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ အရိုက်အနှက် ခံရတဲ့အပြင် သံဆူးကြိုးကာထားတဲ့ ခွေးတိုက်လို အခန်းကျဉ်းလေးထဲမှာ နှစ်ရှည်လများ ချုပ်နှောင်ခံထားခဲ့ရကြောင်း၊ ဒီလိုအခြေအနေတွေကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာရတာ ဖြစ်ကြောင်း၊ ဒါ့အပြင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ မဟန်နီဦး၊ ဒေါ်ကြည်ဝင်း၊ မသန္တာ၊ မခင်ခင်နု စတဲ့ နိုင်ငံရေး အကျဉ်းသူတွေဟာ ကျန်းမာရေး ဆိုးရွားနေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်ကြမ်း ခိုင်းခဲ့တဲ့အပြင် စစ်တိုက်ရာမှာ ပေါ်တာ အထမ်းသမားအဖြစ် အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း၊ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ကြောင်းလည်း အေအေပီပီက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့လက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားထဲမှာ ကျောင်းသား ၂၅ ဦး၊ ၈၈ မျိုးဆက် ၉ ဦး၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေက ၁၅ ဦး၊ သံဃာတော် ၂၉ ပါး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၃၂ ဦးနဲ့ အခြား နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် စုစုပေါင်း လွတ်မြောက်လာသူ ၂၄ဝ ကို စာရင်း ပြုစုထားနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အေအေပီပီ ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ခိုင်မင်း ကို အာရ်အက်ဖ်အေ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |