ဇူလိုင်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူ လေးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.08.01
ဇူလိုင်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူ လေးဆယ်ကျော် ဖမ်းဆီးခံရ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Photo: Myanmar Digital Newspaper

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူ အရပ်သား ၄၂ ဦးကို ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၂၅ ဦး စုစုပေါင်း ၄၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ ဆယ်ဦးစီနဲ့ အများဆုံးဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။

ဒီကာလအတွင်းမှာပဲ နိုင်ငံတစ်ဝန်း စစ်ကောင်စီလက်အောက် တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ၁၇ ဦးကို ထောင်ဒဏ်ချမှတ်ခံရပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေပုဒ်မတွေနဲ့ ချမှတ်ခဲ့တယ်လို့လည်း AAPP က ဆိုပါတယ်။

ဒီထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းမှာ ရှစ်ဦးနဲ့ အများဆုံးဖြစ်ပြီး ထောင်ဒဏ် ဆယ်နှစ်နဲ့ ဆယ်နှစ်အထက် ချမှတ်ခံရသူ ရှစ်ဦး ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဩဂုတ်လ ၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော် (၂၇,၁၃၁) ရှိပြီး သေဆုံးတဲ့အရပ်သား ငါးထောင်ကျော် (၅,၄၇၂) ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။