ဥပဒေပုဒ်မ ၄ ခု ပယ်ဖျက်ရေး လွှတ်တော်ကို တင်သွင်းဖို့ စီစဉ်နေ


2018.09.18
take-naing-aapp-622.jpg AAPP အတွင်းရေးမှူး ဦးတိတ်နိုင် ကို တွေ့ရစဉ်
Photo: RFA

ခေတ်အဆက်ဆက်အစိုးရတွေ အသုံးပြုနေကြတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေပုဒ် ၄ ခုကို ပယ်ဖျက်ပေးနိုင်ရေး လွှတ်တော်မှာတင်သွင်းဖို့ စီစဉ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကော်မတီ AAPP က ပြောပါတယ်။

လာမယ့်လွှတ်တော် ပြန်လည်စတင်မယ့်အချိန်မှာ အဲဒီဥပဒေပုဒ်မတွေကို ပြင်ဆင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် တင်ပြဖို့ စီစဉ်ထားတာလို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောပါတယ်။

‘’တောက်ရှောက်တော့ ကျနော်တို့ကြိုးစားနေပါတယ်၊ ခုတော့ လွှတ်တော်က ပိတ်တော့မှာ၊ သက်ဆိုင်ရာကော်မတီကအမတ်တွေနဲ့ စကားပြောလေ့ရှိပါတယ်၊ ပြင်ဆင်သင့်တဲ့ဥပဒေတွေ၊ ပယ်ဖျက်သင့်တဲ့ ဥပဒေတွေကို ပုံမှန်ဆွေးနွေးတာတွေတော့ရှိပါတယ်၊ ဒီတခေါက်တော့ ဒီဟာတွေကို ဦးစားပေး ဆွေးနွေးဖို့ရှိပါတယ်၊ လွှတ်တော်ပြန်စတဲ့အချိန်ပေါ့’’

၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ၂၀၁၆ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ငြိမ်း၊ စု၊ စီ ဥပဒေ၊ ၁၉၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (က)နဲ့(ခ) ၊ ၁၈၆၁ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၅ (က) နဲ့ (ခ) တို့ဖြစ်ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးက ဥပဒေပြင်ဆင်ပယ်ဖျက်ပေးဖို့အတွက် လွှတ်တော်မှာ လာရောက်တင်သွင်းဖို့တော့လိုမယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန် က ပြောပါတယ်။

‘’ပြင်ဆင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ချင်းအနေနဲ့ ဥပဒေပြင်ဆင်လို့ရတာပဲ၊ ဘယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် တင်ခွင့်ရှိတယ်လေ၊ NLD လွှတ်တော်ကိုယ်စားလှယ် အဓိကတော့ NLD ပါတီက သဘောတူရင်တော့ ပြင်ခွင့်ရမယ်ပေါ့၊ NLD က သဘောမတူရင် ဘာမှလုပ်လို့မရဘူး’’

နိုင်ငံသားအားလုံးအခြေခံကျတဲ့ အခွင့်အရေးတွေရရှိစေဖို့ စစ်အစိုးရဟောင်းတွေက အသုံးပြုခဲ့တဲ့ နိုင်ငံသားတွေကို ဖိနှိပ်ထားတဲ့ ဥပဒေ ၄ ခုကို ပြန်ရုပ်သိမ်းပေးရေးအတွက် လက်ရှိအစိုးရကို တောင်းဆိုတယ်ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ AAPP ကနေ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။