အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးတာ နိုင်ငံတကာကို အာရုံလွှဲတာဖြစ်
စစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရတော့မှ အဖမ်းခံထားရသူတွေကို အခုလိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအစိုးရတွေကို အာရုံလွှဲစေချင်တာကြောင့်သာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အောက်တိုဘာလ ၁၈ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။
AAPP အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကနေ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ဂရုမစိုက်ခဲ့ဘူးလို့လည်း AAPP က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူ ၁၃၂၆ ဦးနဲ့ အမှု ရင်ဆိုင် နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့တဲ့နောက်မှာပဲ AAPP က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလို အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးရတာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် မဟုတ်ဘဲ အရင်ကတည်းက စိစစ်ပြီး လွှတ်ပေး နေတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူ ၁၃၁ ဦးအပါအဝင် အဖမ်းခံခဲ့ရတဲ့ ပြည်သူ ၉၀၂၈ ဦးကို မဖြစ်မနေ ပြန်တောင်းပန်ဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ကုစားပေးဖို့ စစ်ကောင်စီမှာပဲ တာဝန်ရှိတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီအနေနဲ့ ဖိနှိပ်မှုတွေကို လျှော့ချချင်လို့ ပြန်လွှတ်ပေးတာမျိုးမဟုတ်ဘဲ တကယ်လို့သာ ဖိနှိပ်မှုတွေကို လျှော့ချချင်တယ်ဆိုရင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား ကိုးထောင်ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို မူလတာဝန်တွေ ပြန်ပေးဖို့ AAPP က တောင်းဆိုထားပါတယ်။