မြန်မာနိုင်ငံ လက်ရှိ အခြေအနေ ဂျပန်ကုန်သည်ကြီးများအသင်းကို တင်ပြ

မြန်မာနိင်ငံမှာ အခုအချိန်ကာလဟာ စစ်အစိုးရက အရပ်သား အစိုးရအဖြစ် ပြောင်းလဲသွားပေမဲ့ နိင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာတစောင်ကို ဂျပန်ကုန်သည်ကြီးများအသင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဧပြီ ၂၆ ရက် ဒီကနေ့ ပေးအပ်လိုက်တဲ့အပြင် လက်ကမ်းစာစောင်တွေကိုပါ ဝေငှ ခဲ့ကြပါတယ်။

2011.04.26
demo_tokyo_rights_day_305_Z ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၂၀ဝ ကျော် ၂၀ဝ၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့က ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

မြန်မာနိင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရသစ်ရဲ့ ဂျပန်နိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင့်က ဂျပန်ကုန်သည်ကြီးများ အသင်းတိုက်မှာ ဟောပြောနေချိန်မှာ အခုလို လုပ်ခဲ့ကြတာလို့ သိရပါတယ်။

ဒီအကြောင်းတွေကို ဂျပန်ကုန်သည်ကြီးများ အသင်းတိုက်မှာ စာသွားပေးအပ်ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ NDB မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ရက်(ဂျပန်)က ကိုဘုန်းလှိုင်က အခုလိုပြောပြပါတယ်။

“သူတို့လည်း ကျွန်တော်တို့ ရှင်းပြတဲ့အခါ သူတို့လည်း နားလည်တဲ့အကြောင်း ပြောပြပါတယ်။ သူတို့ဖက်က ပြောတာပေါ့နော်၊ ဗမာတွေလောက် နားမလည်တဲ့ အတွက်ကြောင့်မို့ ခုလို လာပြီး ရှင်းပြပေးတာ ကျေးဇူးတင်တဲ့ အကြောင်း ပြောပြတယ်။ ကျွန်တော်တို့က ပြောတာ စစ်အစိုးရက အရင် မျက်နှာစာမှာ ရှေ့ထွက်နေရာကနေပြီးတော့ နောက်ကို ဆင်းထိုင်တာပဲ ရှိတာလို့။ သူတို့ တကယ်တမ်း အနားယူသွားတာ မဟုတ်ဖူးဆိုတဲ့အကြောင်း ပြောပြတယ်လေ။ သူတို့ကတော့ အရပ်သားအစိုးရ တက်လာတယ်ဆိုတော့ ပြောင်းသွားပြီလို့ ထင်တယ်ပေါ့။ သူတို့ကလည်း diplomacy အရ ပြောတယ်လို့ ထင်တာပေါ့နော်။”

NDB အဖွဲ့ဝင်တွေ သွားရောက်ကြတဲ့ ဂျပန်ကုန်သည်ကြီးများ အသင်းတိုက်ရှေ့မှာ ဆိုင်းဘုတ် နှစ်ခုကိုပါ ကိုင်ဆောင်ထားတာနဲ့ ပတ်သက်လို့လည်း ကိုဘုန်းလှိုင်ကပဲ ရှင်းပြသွားပါတယ်။

“စာတမ်းကိုင်တာက နှစ်မျိုး ကျွန်တော်တို့ ကိုင်တယ်။ မြန်မာပြည်မှာ စီးပွားရေး သွားလုပ်မယ်ဆိုရင် သေသေချာချာ လေ့လာပြီးမှ လုပ်ဖို့ ဆိုတဲ့ စာတမ်းရယ်၊ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးတာတွေ၊ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ၊ ဒါတွေကို အစိုးရ အပြောင်းအလဲ ဖြစ်တယ်လို့ သူတို့က ပြောနေပေမဲ့ ကမ္ဘာမှာ ပြနေပေမဲ့ တကယ်တမ်း ဘာမှ ပြောင်းလဲမှု မရှိဘူး၊ အဲဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံမှု မလုပ်ပါနဲ့ ဆိုတဲ့ စာတမ်း၊ အဲဒီ နှစ်မျိုး ကျွန်တော်တို့ ကိုင်တယ်ပေါ့နော်။ ဂျပန်လို ကိုင်တာပေါ့။ ”

ဒါ့ပြင် NDB အဖွဲ့ဝင် ကိုကျော်ကျော်စိုးကလည်း NLD ဗဟိုက ထုတ်ပြန်ထားတဲ့ စီးပွားရေး သုံးသပ်ချက်နဲ့ Switzerland နိုင်ငံ Davos မြို့ က နိုင်ငံတကာ စီးပွားရေးညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်တဲ့ သဝဏ်လွှာကိုလည်း ဂျပန်ကုန်သည်ကြီးများအသင်းက လေ့လာနိုင်အောင် ပေးခဲ့သေးတယ်လို့ပါ ဖြည့်စွက် ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။