တိုင်းအစိုးရ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ တေ့ွဆုံ
2017.11.12

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ ကျင်းပရာမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီရုံးချုပ်မှာ တေ့ွဆုံဆွေးနွေးကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ အဆင်ပြေပြေ ကျင်းပနိုင်မှာဖြစ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။
"အဓိကကတော့ ကျမတို့ ဥပဒေအတိုင်းလုပ်မယ်ဆိုရင်တော့ ပြဿနာသိပ်မရှိနိုင်ဘူးပေါ့နော်။ ဥပမာအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုလည်း ပေးထားပြီးသား။ အထွေထွေ အုပ်ချုပ်ရေး အပိုင်းရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကလည်းရှိပြီးသား။ အဲဒီအခါကျတော့ အားလုံးက ပေါင်းစပ်ပြီး လုပ်မယ် ပြဿနာမရှိနိုင်ဘူး။ အဲလိုပေါင်းစပ်နိုင်ဖို့အတွက်ကိုပဲ အခုအစည်းအဝေးတွေ ဘာတွေကနေ ပြီးတော့ အဆင်မပြေတဲ့ရပ်ကွက်တွေကို ဘယ်လိုပုံစံမျိုးလုပ်မလဲဆိုတာ ဒါကိုလုပ်သွားတာပေါ့နော်။ ဒါကြောင့်မို့လို့ အခုကျမတို့ တော်တော်များများ အစည်းအဝေးမှာ တွေ့ရတာကတော့ သပ်ခက်ခက်ခဲခဲကြီး တွေတော့ သိပ်မတွေ့ရပါဘူး။ ဥပဒေအတိုင်း အတိအကျလုပ်မယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်မှာပါ"
တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒီလကစတင်ပြီး ၅ လအတွင်း အပြီးသတ် ပြန်လည် ရွေးချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တတိယအကြိမ်ပြင်ဆင်လိုက်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်သက်တမ်းဟာ နိုင်ငံတော်သမ္မတသက်တမ်းနဲ့အညီ ထားရှိရမှာဖြစ်ပါတယ်။
အဲဒီပြင်ဆင်လိုက်တဲ့ဥပဒေအရ အစိုးရသစ်လက်ထက်မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပထမဆုံးအကြိမ် ရွေးချယ်ပွဲတွေ ကျင်းပတော့မှာဖြစ်ပါတယ်။
အဲဒီရွေးချယ်ပွဲတွေ ကျင်းပဖို့အတွက် အရင်ဆုံး ကြီးကြပ်ရေးအဖွဲ့တွေကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတွေက မြို့မိမြို့ဖတွေနဲ့ ဖွဲ့စည်းရမှာဖြစ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ပြန်လည် တွေ့ဆုံဆွေးနွေးသွားကြမှာဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေအတွက် ပြင်ဆင်ရာမှာ ကြုံတေ့ွရတဲ့အခက်အခဲတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။