ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကိုယ်စားလှယ်တွေ မပါဝင်ဖို့ ဆန္ဒပြ
2017.11.18

ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်ဖို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် GTI ကျောင်းအနီးမှာ အင်းစိန်မြို့နယ် ရပ်ကွက်နေပြည်သူအချို့က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပတ်သက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ မမြတ်ဆုမွန်က ပြောပါတယ်။
"အမှန်ဆိုရင် ကျမတို့ပြောတာက ဒီရပ်ကျေးအုပ်ချုပ်ရေးမှူးဆိုတာက ဆယ်အိမ်မှူး ရာအိမ်မှူးဆိုတာက ဘယ်လိုပဲပြောပြော ရပ်ကွက်ထဲကပဲ ရွေးရမှာလေ။ ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘယ်သူက လုပ်နိုင်တယ် ဘယ်သူက မလုပ်နိုင်ဘူးဆိုတာ ရပ်ကွက်ပဲသိတယ်။ အဲဒါကို အမတ်တွေကနေပြီတော့ သူတို့ကိစ္စ မဟုတ်တာကို ဝင်ပြီးတော့စွက်ဖက်တာမျိုး နောက်ပြီးတော့ ဒီအမတ်တွေ တက်လာတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ကျမ်းသစ္စာကျိန်ဆိုပြီးတော့ တက်လာတာလေ။ နောက်ပြီးတော့ သူတိုက ဒီလိုမျိုး ပါဝင် ပတ်သက်မယ်ဆိုတာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးပေါ့။ ကိုယ့်ကိစ္စကို မဟုတ်ဘဲနဲ့ ဒီခြေဥမှာပါတဲ့ဟာကို ချိုးဖောက်ပြီးတော့ ဒီလိုဝင်ပြီးတော့ စွက်ဖက်တာမျိုးကို ကျမတို့က လက်မခံနိုင်တာပါ"
ကိုယ်စားလှယ်တွေက ပါဝင်ပတ်သက်တာမဟုတ်ဘဲ အကြံပြုရုံသာဖြစ်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။
"ဒီရပ်ကျေးရွေးချယ်ရေးနဲ့ ပတ်သက်လို့ ရွေးချယ်ရေးဥပဒေမှာကိုက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှူး အာဏာကုန်ပေးထားတာပါ၊ သို့သော်အပိုဒ်တစ်ပိုဒ်မှာက ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အကြံဉာဏ်ကိုလည်း ရယူနိုင်သည် ဆိုတဲ့အပိုဒ်အရ ထွေအုပ်က တွေ့ဆုံပြီးတော့ အကြံအဉာဏ်ယူတဲ့အခါမှာ ကျနော်တို့က အကြံပြုရုံပဲရှိပါတယ်၊ ဝင်ရောက်ပတ်သက်တယ်ဆိုတာ မှားယွင်းတဲ့ စွပ်စွဲချက်ပါ"
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းနဲ့ အညီဖြစ်ရမယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြင်ဆင်လိုက်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေအရ ရွေးကောက်ပွဲတွေ ပြုလုပ်ဖို့အတွက် ကြီးကြပ်ရေးမှူး ရွေးချယ်ပွဲတွေ စတင်နေတာဖြစ်ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးတွေမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်နိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရပ်ကွက်နေပြည်သူတွေက ကြီးကြပ်ရေးမှူး ၅ ဦးကို ရွေးချယ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြကာ အဲဒီကနေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို အဆင့်အဆင့် ရွေးချယ်တင်မြှောက်ပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။