လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ပေးဖွယ်ရှိ

အစိုးရသစ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတရပ်က ဖော်ပြပါတယ်။

2011.05.02
amnesty_intl_thai_protest_305_z.png အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒါပေမဲ့ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါမပါတော့ မသေချာကြောင်း အစိုးရအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

သမတ ဦးသိန်းစိန်ဟာ ကြာသပတေးနေ့ အင်ဒိုနီရှားနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ သမတသစ်အနေနဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ်နဲ့ အချိန်ကိုက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်နိုင်ဖွယ် ရှိတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရအရာရှိတဦးက ပြောဆိုခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာချိန် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး မပေးဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အပါအဝင် နိုင်ငံရေး စောင့်ကြည့်အဖွဲ့တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော် ရှိပြီး ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံး ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။