အမျိုးသားလွှွတ်တော်ကို NNER ပြစ်တင်ဝေဖန်


2015.04.02
dr-theinlwin-nner-305 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thiha Tun/ RFA

ပညာရေးစနစ်ပြောင်းလဲရေးကွန်ရက် (NNER) က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်းအပေါ် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက် ဟာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ တောင်းဆိုချက်တွေ၊ လေးပွင့် ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ကွဲလွဲနေပြီး ဗဟိုချုပ်ကိုင်ရေး စနစ်ကို ပြန်လည်အတည်ပြုထားတယ် လို့ မနေ့က ဝေဖန်ပြောကြား လိုက်ပါတယ်။

အဲဒီပြင်ဆင်ချက်မှာ ကျောင်းသားသမဂ္ဂနဲ့ ဆရာ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့် ကို တက္ကသိုလ် ပဋိဉာဉ်၊ ပညာရေးဆိုင်ရာ အခြား ဥပဒေတွေနဲ့ ပြန်လည်ချုပ်ကိုင်ထားကြောင်း၊ လေးပွင့် ဆိုင် ဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်တဲ့ “လွတ်လပ် စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်ပိုင်လေ့လာ သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ” မရရှိတော့ဘဲ အလွတ်ကျက်၊ အလွတ်ဖြေရသည့် စာမေးပွဲစနစ်များ သာ ပြန်လည်ကျင့်သုံးခြင်း ဖြစ်တဲ့အတွက် ကျောင်းသားတွေကို အရည်အသွေးကင်းမဲ့တဲ့ ပညာရေးကိုပေးရန် ဆုံးဖြတ်ခြင်းသာဖြစ်နေကြောင်း စသဖြင့် ဝေဖန်ရေးသားထားပါတယ်။

NNER ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ပညာရေးအသုံးစရိတ် ၂ဝ% တိုးမြှင့်ရေးနဲ့ အလယ်တန်း အထိ အခမဲ့သင်ကြားရေး သဘောတူညီချက်တွေကို အခုပယ်ဖျက်လိုက်တဲ့အတွက် အမျိုးသားလွှတ်တော်ဟာ ပညာရေးအသုံးစရိတ်ကို  တိုးမြှင့်လိုစိတ်မရှိဘူးလို့လည်း ပြောပါတယ်။

"၅ နှစ်အတွင်းမှာ ၂ဝ ရာခိုင်နှုန်းဖြစ်ဖို့ဆိုပြီးတော့ ကျနော်တို့ လေးပွင့်ဆိုင်တုန်းက အများကြီးညှိနှိုင်း ပြီးတော့ လျော့ပြီးတော့ ကျနော်တို့လက်ခံခဲ့တယ်၊ ဒါပေမယ့် အခုအမျိုးသားလွှတ်တော်က ၅ နှစ်အတွင်း ၂ဝ ရာခိုင်နှုန်းသုံးမယ်ဆိုတာ ပယ်ဖျက်ပြီးတော့ သင့်လျှော်သောရာခိုင်နှုန်းသို့ပြန်သုံးမယ်၊ ဒါက အမျိုးသားလွတ်တော်က ပညာရေးဘတ်ဂျက်ကို မတိုးချင်ဘူးလို့ ကျနော်တို့ယူဆတယ်၊ တစ်ဖက်ကလည်း မသင်မနေရကို အလယ်တန်းအဆင့်အထိ ကျနော်တို့တင်ပြတယ်၊ အမျိုးသားလွှတ်တော်က ပယ်ဖျက် လိုက်ပြီးတော့ မူလတန်းပြန်လုပ်တယ်၊ ဒါဟာဘာကြောင့်လဲဆိုတော့ ပညာရေးအသုံးစရိတ်ကို သူတို့မတိုးချင်တဲ့အတွက် ပညာရေးစနစ်ကိုလည်း ဖွံ့ဖြိုးအောင်မလုပ်ဘူးလို့ ကျနော်တို့နားလည်တယ်"

NNER ရဲ့ ထုတ်ပြန်ချက် နိဂုံးမှာတော့ အမျိုးသားလွှတ်တော်ရဲ့ အခုအတည်ပြုချက်တွေကို ပြည်သူ့လွှတ်တော် တင်သွင်းမယ်လို့ သိရတဲ့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကျောင်းသားတွေရဲ့ လိုလားချက်အတိုင်း ဆောင်ရွက် မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

ဒေါက်တာ ဦးသိန်းလွင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။