ဦးနိုင်စိုး ကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မိသားစု တောင်းဆို


2018.03.15
naingsoe-anc-622.jpg ရခိုင်ပြည်အမျိုးသားကောင်စီ ANC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုး ကို တွေ့ရစဉ်
ဓါတ်ပုံ - စိုင်းဒြားမောင်မောင်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုးဟာ အသည်းရောင် အသားဝါရောဂါ ဖြစ်နေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်း ခံပါတယ်။

ဦးနိုင်စိုးအတွက် ကျန်းမာရေးစာင့်ရှောက်မှုပေးဖို့ ဆက်လက်တင်ပြပေးမယ်လို့ ပြည်နယ် ဝန်ကြီး ဒေါက်တာချမ်းသာ က ပြန်လည်ပြောဆိုခဲ့တယ်လို့ ဦးနိုင်စိုးရဲ့ ညီမဖြစ်သူ မချစ်အိလှိုင်က ပြောပါတယ်။

"ဒေါက်တာ ချမ်းသာ ပြောတာကတော့ လူနာက ဒီလိုပြစ်ထားလို့ မရဘူးပေါ့နော်၊ အသည်းရောဂါ ဝေဒနာရှင်တွေက ဆေးပြတ်ရင်မရဘူးတဲ့ အဲလိုမျိုးပြောတယ်၊ သူ့ကို အရမ်းဆေးတိုက်လို့ မရဘူးပေါ့နော်၊ သူ့ဆရာဝန်နဲ့သူ အသည်းအထူးကုနဲ့ ပြပြီးတော့ အဲလိုမျိုးပဲတိုက်ရမှာတဲ့၊ သူတင်ပြပေးမယ်ပေါ့ အဲလိုမျိုးပြောပါတယ်"

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့မှာ လက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ တာနဲ့ဆက်နွယ်ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ ANC ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုး အပါအဝင် လူ ၉ ဦးလောက်ကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေးနေတာပါ။

အဲဒီအထဲက ဦးနိုင်စိုးဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က အသည်းရောင်အသားဝါဝေဒနာကို ခံစားနေရသူဖြစ်ပြီး အခုလက်ရှိ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အချိန် ၂ ပတ်ကျော်အတွင်း ရဲစခန်းမှာ ပုံမှန်ဆေးဝါးကုသမှု မရှိတာကြောင့် သူ့ရဲ့ရောဂါလက္ခာဏာဟာ ပိုမိုဆိုးဝါးလာနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီနေ့ မိသားစုတွေ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြည်နယ်လူမှုရေးဝန်ကြီးက ဦးနိုင်စိုးရဲ့ ကျန်းမာရေးအတွက် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုလည်း သွားရောက်တွေ့ဆုံကြဖို့ ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။