ရခိုင် ရေဘေးဒုက္ခသည်များကို ANP ပါတီ လိုက်လံကူညီ
2016.06.15

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာပြီး ရေကြီးခဲ့တာကြောင့် သေဆုံးခဲ့သူ ၅ ဦးအတွက် ငွေကျပ် နှစ်သိန်းစီနဲ့ ရေဘေးကြောင့် နေအိမ် ပျက်စီးသွားသူတွေကို ရခိုင်အမျိုးသားပါတီ ANP က ငွေကြေးသွားရောက်လှူဒါန်းခဲ့ပါတယ်။
သံတွဲမြို့နယ် ရွှေလှေတိုက်နယ်မှာလဲ နေအိမ်ပေါင်း ၂၀၀ နီးပါး ရေထဲမျောပါသွားတာကြောင့် စားနပ်ရိက္ခာ နဲ့ နေထိုင်ရေးအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“လိုအပ်တာတွေကတော့ အများကြီးပဲပေါ့၊ ဘယ်ဟာကိုစပြီးတော့ ဦးစားပေးရမလဲဆိုတော့ အခုချိန်ခါ မှာ စားနပ်ရိက္ခာကို ဦးစားပေးရမယ်ဆိုပြီးတော့ ကျနော်တို့ စားနပ်ရိက္ခာတွေ ပြင်ဆင်ထားပါတယ်၊ လူတွေနေဖို့ထိုင်ဖို့ အခက်အခဲတော်တော်လေးရှိနေတယ်၊ တချို့လူတွေဆို အမိုးအကာတွေ အကုန်လုံးပါသွားတယ်၊ တချို့အိမ်တွေဆို ပျက်စီးသွားတယ်၊ တချို့အိမ်တွေဆို သစ်ပင်တွေပိထားလို့ လူနေလို့မရဘူး၊ အိမ်ပါပါသွားတဲ့လူတွေက ပိုပြီးတော့ အခက်အခဲရှိနိုင်တယ်လို့ ကျနော်တို့ အဲ့သလိုတွက်ပါတယ်”
သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တော၊ သပြုချိုင်၊ ပရစ်ရေပေါက် စတဲ့ကျေးရွာပေါင်း ၁၀ ရွာလောက် မှာ ရေဖုံးလွှမ်းမိုးမှုဒဏ် ကြုံခဲ့ရတာဖြစ်ပြီးတော့ အိမ်ခြေ ၁၂၀ ကျော်ရှိတဲ့ ပရစ်ပေါက် ကျေးရွာမှာတော့ ရွာလုံးကျွတ်နီးပါး နေအိမ်တွေရေထဲမျောပါသွားတာကြောင့် အဆိုးရွားဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။
နေအိမ်တွေဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေက တာပေါ်လင်စတွေနဲ့ယာယီတဲအိမ်တွေ ဆောက်လုပ်ပြီး နေထိုင်နေ ကြရပါတယ်။ ရခိုင်အမျိုးသားပါတီ ANP က ရေဘေးသင့် အိမ်ထောင်စု ၂၀၀ ကျော်အတွက် ဆန်အိတ်ပေါင်း ၂၀၀ ကျော်နဲ့ စားသုံးကုန်ပစ္စည်းအချို့ကို သွားရောက်ကူညီမှာဖြစ်ပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ အိမ်ခြေပေါင်း ၁၇၀၀ ကျော်လောက် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတာဖြစ်ပြီးတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့ သွားရောက်ညီတာတွေရှိပေမယ့် အစိုးရရဲ့ကူညီဆောင်ရွက်မှုတွေ အားနည်းနေသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လာရောက်ကူညီတာတွေလည်း မတွေ့ရဘူးလို့ ပြောပါတယ်။ ရေ လွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ကျေးရွာတွေမှာ စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။
ရေဘေးဒုက္ခခံစားနေရတဲ့ ဒေသခံတွေကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ကူညီပေးနေတဲ့ အခြေအနေတွေ နဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေအကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။