အမေရိကန် သံအမတ်နဲ့ လွှတ်တော် အမတ်တွေ ANP ခေါင်းဆောင်တွေနဲ့ တေ့ွဆုံ
2017.11.20

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ အမေရိကန်လွှတ်တော်အမတ်တွေဟာ မောင်တောဒေသအရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP နဲ့ စစ်တွေမြို့က ပါတီဌာနချုပ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းတွေက မွတ်စလင်တွေဘက်က ဖိအားပေးပြောဆိုနေတာတွေဟာ ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေတာကြောင့် မျှမျှတတပြောဆိုဖို့ တိုက်တွန်းခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။
"ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာနိုင်ငံမှာ လက်မခံဘူး၊ အဲဒီလို ရခိုင်တိုင်းရင်းသားတွေဘက်က မကြိုက်တဲ့ အချက်အလက်တွေကို ပြောဆိုဖိအားပေးခြင်းအားဖြင့် ပိုပြီးတော့ ပဋိပက္ခတွေကို ကြီးမားစွာဖြစ်ပေါ်လာစေနိုင် တယ်၊ အဲဒီတော့ နိုင်ငံတကာအနေနဲ့လည်း တိုင်းရင်းသားတွေဘက်က စာနာထောက်ထားစွာနဲ့ မျှတစွာ ပြောဆိုဆွေးနွေးသင့်တယ်လို့ ပြန်ပြီးတင်ပြတဲ့အခါ သူတို့က အဲဒါကိုလက်မခံဘူး"
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာဖိအားတွေနဲ့ သီးခြားနယ်မြေထူထောင်လိုတဲ့ အကြံအစည်နဲ့ ထွက်ပြေးကြတာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောဆိုရာမှာ အမေရိကန်လွှတ်တော်အမတ်အဖွဲ့က ဒီအချက်ကို သူတို့အနေနဲ့ လက်မခံကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်လွှတ်တော်အမတ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှဘက်က ဒုက္ခသည်တွေရဲ့ အခြေအနေကိုလည်း သွားရောက်လေ့လာခဲ့ရာမှာ လူမျိုးတုံးသန့်စင်ရေး Ethnic Cleaning အထောက်အထားတွေကို တွေ့ရှိခဲ့တာကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို တင်ပြသွားမယ်ဆိုတဲ့အကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ အမေရိကန်လွှတ်တော်အမတ်တွေဟာ မနေ့ညက စစ်တွေမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး စစ်တွေမြို့အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့နဲ့ သီးသန့်တွေ့ဆုံ ခဲ့သလို အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။