ပြည်နယ်လွှတ်တော်ဒုဥက္ကဌနေရာ ဝင်ရောက်အဆိုပြုခံတဲ့ ကိုယ်စား လှယ်ကို ANP အရေးယူမည်


2017.07.16
tunaungkyaw-620.jpg ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို တွေ့ရစဉ်
Photo: Tun Aung Kyaw/ Facebook

ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ခန့်အပ်လိုက်တဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းဟာ ရခိုင်အမျိုးသားပါတီက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး လွှတ်တော်ဒုတိယ ဥက္ကဌ နေရာကို အမည်စာရင်းတင်သွင်းခဲ့တဲ့အတွက် ပါတီအနေနဲ့ ထိထိရောက် ရောက် အရေးယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ပါတီကိုပုံရိပ်ကျဆင်းအောင်လုပ်ဆောင်တဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီကတဆင့် ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"စည်းကမ်းဖောက်ဖျက်တဲ့အတွက် ပါတီကိုပုံရိပ် ကျဆင်းအောင်လုပ်တဲ့အတွက် ကျနော်တို့ပါတီက ထိရောက်တဲ့ အရေးယူမှုမလုပ်ဘူး၊ မရှိဘူးဆိုလို့ ရှိရင် ကျတော်တို့ရဲ့ပါတီဝင်တွေကို အဆင့်ဆင့် အုပ်ချုပ်တဲ့ နေရာမှာ ထိခိုက်လာနိုင်တယ်။ပါတီတောင်မှ ပျက်စီးသွားနိုင်တဲ့ အခြေအနေဖြစ်တဲ့ အတွက် ကျနော်တို့ကတော့ အလုပ်အမှုဆောင် ကော်မတီကနေ ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ညွှန်ကြားပြီးတော့မှ ထိထိရောက်ရောက် အရေးယူဖို့ အတွက် အစီစဉ်ရှိပါတယ် ခင်ဗျ"

ကွယ်လွန်သွားခဲ့တဲ့ လွှတ်တော်ဒုတိယဥက္ကဌ ဦးဖိုးမင်းနေရာမှာ အစားထိုးခန့်အပ်ဖို့အတွက် ရခိုင်အမျိုးသားပါတီက မြေပုံမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁) က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို အဆိုပြုခဲ့ပြီး ရခိုင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က မြေပုံမဲဆန္ဒနယ် အမှတ်(၂)က ဦးမြသန်း ကို အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ဒုတိယဥက္ကဌနေရာအတွက် အမည်စာရင်းတင်သွင်းခံရသူတွေကို မဲခွဲဆုံးဖြတ်ရာမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဘက်က အမည်တင်သွင်းတဲ့ မာန်အောင်မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးနွဲ့ က ၆ မဲ၊ ရခိုင်အမျိုးသားပါတီက အမည်တင်သွင်းတဲ့ မြေပုံမဲဆန္ဒနယ် အမှတ်(၁)က ဦးအောင်ဝင်းက ၁၇ မဲရရှိ ခဲ့ပြီး မြေပုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) က ဦးမြသန်းက ၁၉ မဲရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ဒုတိယဥက္ကဌအတွက် ပါတီတွင်းရွေးချယ်ခဲ့ရာမှာ ဗဟိုအလုပ်မှု ဆောင်ကော် မတီဝင်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ထား ခဲ့တာကြောင့် ပါတီမှာ မြေပုံမြို့နယ်ပါတီ ဥက္ကဌအဖွဲ့ဝင် အဆင့်သာ ရှိတဲ့ ဦးမြသန်းကိုထည့်သွင်းစဉ်းစားခဲ့တာမရှိခဲ့ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က ဦးမြသန်းကို အမည်စာရင်းတင်သွင်းပြီး အဆိုပြုခဲ့ရာမှာ မဲအများဆုံးရရှိပြီး အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။