ပြည်နယ်လွှတ်တော် ဒုဥက္ကဌဖြစ်လာသူ ဦးဦးမြသန်းကို ပါတီကထုတ်ပယ်
2017.07.20

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးဦးမြသန်းကို ပါတီက ခွင့်မပြုဘဲ လွှတ်တော် ဒုတိယဥက္ကဌနေရာကို ဝင်အရွေးခံခဲ့လို့ဆိုပြီး ရခိုင်အမျိုးသားပါတီ ANP ကနေ ထုတ်ပယ်လိုက်ပါတယ်။
လွှတ်တော် ဒုတိယဥက္ကဌ နေရာကို ပါတီကနေရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းနဲ့အပြိုင် ဝင်ရောက်ရွေးချယ် ခံတဲ့အတွက် ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်တာလို့ ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"အဓိကက ပါတီကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မိမိသဘောနဲ့ ဖောက်ဖျက်ပြီး ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌနေရာကို ပါတီတွင်းက ရွေးချယ်ထားတဲ့ ဒုဥက္ကဌလောင်းနဲ့အပြိုင် ဝင်ရောက်ရွေး ချယ်ခံတဲ့အတွက် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ထုတ်ပယ်တဲ့အထိ အရေးယူ လိုက်ရတာပါ"
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနေရာကို ပါတီဗဟိုအလုပ်အမှုဆောင်ဖြစ်ရမယ်၊ ပါတီစည်းမျဉ်း စည်းကမ်း လိုက်နာဖို့၊ ပညာအရည်အချင်း အသင့်အတင့်ရှိဖို့နဲ့ ပါတီအပေါ်မှာ သစ္စာရှိရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ မြေပုံ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က ဦးအောင်ဝင်းကို ပါတီကနေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ဦးဦးမြသန်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်း ခဲ့ပြီး အပြိုင်ဝင်ရောက်ရွေးချယ်ခံခဲ့ရာမှာ ပါတီကရွေးချယ်ထားတဲ့ ဦးအောင်ဝင်းကို မဲအရေအတွက်အရ အနိုင်ရ ပြီး ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဘယ်သူကပဲတင်တင် ဝင်ရောက်ရွေးချယ်ခံခွင့်မရှိဘူးလို့ ပါတီစည်းကမ်းချက်မှာ မပါရှိတဲ့အတွက် ပါတီကနေထုတ်ပယ်ခွင့်မရှိဘူးလို့ ဦးဦးမြသန်းက ပြောပါတယ်။
"လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဘယ်သူကပဲတင်တင် ခင်ဗျားတို့ ယှဉ်ပြိုင်ခွင့်မရှိဘူး ဆိုပြီး မူတို့ စည်းကမ်းချက်တို့ မရှိတဲ့အတွက်ကြောင့် လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက်ကြောင့် ကျနော့်ကို ပါတီကနေ အရေးယူခွင့်မရှိပါဘူး ထုတ်ပယ်ခွင့်လည်း မရှိပါဘူး"
သူ့အနေနဲ့ ပါတီကနေ တရားဝင်ထုတ်ပယ်ကြောင်း လက်ခံရရှိထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲပြီးချိန်မှာလည်း ပါတီဝင်ဖြစ်တဲ့ ဦးကျော်လွင်ကို ပြည်နယ် အစိုးရ ဝန်ကြီးနေရာ လက်ခံလို့ဆိုပြီး ပါတီကနေ ထုတ်ပယ်ခဲ့ဖူးပါတယ်။