စစ်ပွဲဒေသပဋိပက္ခ အရပ်သားထိခိုက်မှု အစီရင်ခံစာ ANP ထုတ်ပြန်


2019.05.30
anp-press-622.jpg ရခိုင်အမျိုးသားပါတီ ANP က လေ့လာစုံစမ်းထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေက ၂၀၁၉ မေ ၃၀ ရက်နေ့က သတင်းထောက်တွေကို ရှင်းလင်းခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီနေ့ထုတ်ပြန် လိုက်ပါတယ်။

စစ်တွေမြို့မှာ ဒီနေ့ကနေစတင်ကျင်းပနေတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုတိယအကြိမ်ညီလာခံကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့၊ စစ်ဘေးဒုက္ခသည်တွေအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ လွတ်လပ်စွာကူညီခွင့်ပြုဖို့၊ တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ပြည်တွင်းပြည်ပသတင်းမီဒီယာသမားတွေကို လွတ်လပ်စွာသတင်းယူခွင့်ပြုဖို့၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုရှိမရှိကို လွတ်လပ်ပြီး တရားမျှတတဲ့ကော်မရှင်နဲ့စစ်ဆေးပြီး ဥပဒေအရ အရေးယူအပြစ်ပေးဖို့ စတဲ့အချက်တွေကို အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ညီလာခံကတော့ ပါတီမူဝါဒပိုင်းဆိုင်ရာပြောင်းလဲရေးကို အဓိကထားဆွေးနွေးအဖြေရှာမယ့် ညီလာခံဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေကပြောပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လက်ရှိ NLD အစိုးရလက်ထက် ၄ လတာလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် အပြစ်မဲ့ပြည်သူတွေ အသက် ဆုံးရှုံးမှု၊ ဒဏ်ရာရမှု၊ သံသယနဲ့ ဖမ်းဆီးချုပ်နှောင်မှုနဲ့ နေရပ်စွန့်ခွာမှုတွေဟာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေစတင်လာကတည်းက ရခိုင်ဒေသလက်နက်ကိုင်ပဋိပက္ခတွေနဲ့စပ်လျဉ်းပြီး နိုင်ငံတော်အကြီးအကဲ တစ်ချို့ရဲ့ပြောဆိုမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်ဘဲ စစ်မီးလျှံကို ပိုပြီးတောက်လောင်အောင်၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် အဓိပ္ပါယ်သက်ရောက်စေခဲ့တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ ရခိုင်ဒေသမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဖြေရှာဖို့ကြိုးစားရာမှာ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေလို အပစ်အခတ်ရပ်စဲရေးကို တန်းတူမရရှိတာဟာလည်း ရခိုင်ပြည်နယ်ကို ပိုမိုပြင်းထန်တဲ့ စစ်မီးထဲကို တွန်းပို့သလိုဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာပါရှိပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းလေ့လာတွေ့ရှိချက်တွေအရ ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ အစိုးရရဲ့ထုတ်ပြန်ချက်တွေဟာ ဖြစ်ရပ်မှန်နဲ့ကွဲလွဲနေတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က သတင်းထောက်တွေကိုပြောပါတယ်။

“အရပ်သားတွေဟာ သောင်းကျန်းသူအသွင်ဆောင်တဲ့အတွက် ဒီလိုပဲပစ်ခတ်ရတယ်ဆိုတာ မြောက်ဦးတစ်မြို့လုံး ခံစားတွေ့ကြုံရတဲ့အပြင် မြောက်ဦးကိုရောက်နေတဲ့ နိုင်ငံခြားသား၊ မြောက်ဦးဒေသခံမဟုတ်တဲ့သူတွေရဲ့ ပကတိပြောဆိုချက်တွေဟာ ကျွန်မတို့ရဲ့ မီဒီယာတွေမှာ ပျံ့နှံ့ပြီးသားဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုလိုက်ရင် ဒီတပ်မတော်က ကျွန်မတို့အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ဟာ အမှားကြီးမှားပြီးတော့ အလွဲကြီးလွဲတယ်၊ တနည်းအားဖြင့် လိမ်တယ်ညာတယ်ဆိုတာ ထင်ရှားနေတာတွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က ပြီးခဲ့တဲ့ မတ်လအတွင်းကနေစတင်ပြီး ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ခဲ့တာပါ။

အရပ်သားတွေ လက်နက်ကျည်ထိမှန်တဲ့ဖြစ်စဉ်တွေဟာ နှစ်ဘက်ပစ်ခတ်တဲ့ တိုက်ပွဲကြားထဲမှာ ဖြစ်ပွားခြင်း မရှိတာဟာ ထူးခြားတဲ့အချက်တစ်ခုဖြစ်ပြီး တိုက်ပွဲနဲ့မဆိုင်ဘဲတပ်မတော်က ပစ်ခတ်လို့ ဒဏ်ရာရတယ်လို့ လက်နက်ကျည်ထိမှန်သူတွေကပြောဆိုကြကြောင်း ပါတီတာဝန်ရှိသူတွေကဆိုပါတယ်။

ဥပဒေမဲ့ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နစ်နာသူတွေအတွက် တရားဥပဒေအရ အမှန်တရားပေါ်ပေါက်အောင် ဘယ်သူက ဘယ်နေရာမှာ တရားစွဲဆိုမလဲဆိုတာ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲလို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ရှေ့နေဒေါ်အေးနုစိန်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ထိခိုက်မှုရှိနေတဲ့လူတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းလေ့လာမှုတွေပြုလုပ်ခဲ့ရာမှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတဲ့ဖြစ်ရပ်တွေမှာ တပ်မတော်ဘက်က ဆောင်ရွက်ချက်တွေကြောင့်လို့ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။

အေအေအဖွဲ့ဟာ မကျေနပ်လို့ လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့သာဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ အေအေအဖွဲ့နဲ့ ပတ်သက်လို့ ပြောဆိုဖို့ တာဝန်မရှိတာကြောင့် ရခိုင်အမျိုးသားအကျိုးစီးပွားကို အခြေခံပြီးတော့ မိမိတို့အစိုးရ၊ တပ်မတော်ဘက်က လွန်ကျွံမှုတွေကို အဓိကထောက်ပြဖို့တာဝန်ရှိတယ်လို့လည်းပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ကပြောပါတယ်။

ရခိုင်ဒေသမှာ ဥပဒေမဲ့ဖမ်းဆီးခံရတာ၊ ပစ်ခတ်ခံရတာ စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီအနေနဲ့ နစ်နာသူတွေဘက်က အမှုဖွင့်တရားစွဲဆိုရှိသလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ တရား ဥပဒေအရ အမှန်တရားပေါ်ပေါက်အောင်ဆောင်ရွက်ရေးဟာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲလို့ ပါတီရဲ့ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က တုံ့ပြန်ခဲ့ပါတယ်။

“ရှေ့နေတစ်ယောက် သမ္မတဖြစ်နေတဲ့နိုင်ငံမှာ အခုလုပ်ထုံးလုပ်နည်းဟူသမျှဟာ တကယ့်လုပ်ထုံး လုပ်နည်းဥပဒေတွေနဲ့ညီသလားဆိုတာကို ဆန်းစစ်လို့အလွယ်တကူရနေတယ်။ ဥပဒေပညာရှင်တွေကလည်းသိနေတယ်။ ဒါပေမယ့် မတော်မတရားမှုဟူသမျှကို မတော်မတရားမှုရယ်လို့ ပြောနိုင်တာက တစ်နည်း။ ဒီမတော်မတရားမှုဟူသမျှဟာ မမှန်မကန်ဖြစ်ပါတယ်၊ အမှန်တရားကိုတည့်မတ်ပေးပါဆိုတာ လုပ်ပေးနိုင်မယ့်လူတွေနဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်မယ့်လူတွေနဲ့ဆိုင်တယ်။ တိုင်ရတာလွယ်တယ်။ ပြောရတာလွယ်တယ်။ အမှန်အတိုင်းဖြစ်ဖို့ရာ ဘယ်သူကဆောင်ရွက်ပေးမလဲဆိုတဲ့ အနှောင့်အယှက်၊ အခက်အခဲ၊ စိန်ခေါ်မှုအခက်အခဲတွေကို ကျွန်မတို့ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်”

ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋပက္ခဟာ နိုင်ငံရေးပြဿနာအပေါ် အရင်းခံနေတာကြောင့် တိုက်ပွဲတွေရပ်တန့်စေပြီး နိုင်ငံရေးနည်းနဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ အချက်အပါအဝင် အချက် ၅ ချက်ကို အကြံပြုထားပါတယ်။

ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု တရားလက်လွတ်ပြုမူဆောင်ရွက်မှု၊ မတရား ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ကျူးလွန်တာရှိမရှိကို လွတ်လပ်ပြီးတရားမျှတတဲ့ စုံစမ်းရေးကော်မရှင်တစ်ခုကိုဖွဲ့စည်းပြီး ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူအပြစ်ပေးဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒီအကြံပြုချက်တွေကို အစိုးရနဲ့တပ်မတော်ဘက်က ဘယ်လောက်ထိဆောင်ရွက်မယ်လို့ မျှော်လင့်ထားသလဲလို့ RFA ကမေးမြန်းရာမှာ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က အခုလိုပြောဆိုပါတယ်။

“အဖြေရှာသင့်တယ်ဆိုတာကို ရှာမယ်၊ မရှာဘူး၊ ရှာမယ်၊ တကယ့်စိတ်ရင်းမှန်နဲ့ရှာသလား၊ မရှာဘူးလားဆိုတာ အဲဒီဘက်ကအပိုင်း။ ကျွန်တော်တို့ကတော့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆို ဒါက အမှန်တရားပဲ။ ထပ်ကာတလဲလဲပြောနေရမယ်။ အကောင်အထည်မဖော်ရင်လည်း ကျွန်တော်တို့ပြောနေရမယ်။ ကြုံရင်လည်း ဒါပဲပြောနေရမှာပဲ”

ဒီအစီရင်ခံစာကို မနက်ဖြန်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ မနက်ဖြန် ပေးပို့သွားမှာဖြစ်ပြီး နိုင်ငံခြားသံရုံးတွေကိုပါ ဆက်လက်ပေးပို့သွားမယ်လို့လည်းပြောပါတယ်။

ဒီအစီရင်ခံစာဟာ ဧပြီလ မတိုင်ခင်အထိ အခြေအနေတွေကို လေ့လာစုံစမ်းထားတာဖြစ်ပြီး အဲဒီနောက်ပိုင်းအခြေအနေတွေကိုလည်း အစီရင်ခံစာ ဒုတိယပိုင်းအနေနဲ့ ဆက်လက်ထုတ်ပြန်ဖို့ရှိတယ်လို့လည်းသိရပါတယ်။

ဒီအစီရင်ခံစာမှာပါရှိတဲ့ ရခိုင်ဒေသ စစ်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု၊ ဖမ်းဆီးခံရမှုစတဲ့ကိန်းဂဏန်း တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေကမေးမြန်းရာမှာတော့ မနက်ဖြန်နိုင်ငံတော်အကြီးအကဲတွေထံ ပေးပို့ပြီးတဲ့အခါမှ အစီရင်ခံစာအသေးစိတ်ကိုပြောဆိုနိုင်မှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေကပြောဆိုခဲ့ ပါတယ်။

RFA ရဲ့လေ့လာတွေ့ရှိချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ လက်နက်ကျည်ထိမှန်လို့ သေဆုံးတဲ့အရပ်သား ၄၉ ဦးရှိနေပြီး လက်နက်ကျည်ထိမှန်လို့ ဒဏ်ရာရသူကတော့ ၈၅ ဦးအထိရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ စစ်ဘေးဒဏ်သင့်လူဦးရေဟာ လေးသောင်းခန့်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။