ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ တပ်မတော်က ကူညီနေကြောင်း ကာချုပ်ပြော
2013.12.04

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် တပ်မတော်အနေနဲ့ ပံ့ပိုးကူညီနေကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်း မှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။
"ကျနော်တို့လိုလားချက် တကယ်စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ တကယ်ဖြစ်ချင်တယ်၊ လူထုကိုတိုက်ရိုက်ပြောတာက ပထမဦးဆုံးအကြိမ်ပါ၊ ကျနော်တို့တကယ်လို့ ဒီမိုကရေစီနိုင်ငံတစ်ခုကို သွားချင်တယ်၊ ဖြစ်ချင်တယ်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးမှ သာယာတဲ့တိုင်းပြည်၊ တိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်တယ်၊ ဒီနေ့ကျနော်တို့က မရရအောင် ထိန်းကျောင်းပြီးတင်ပေးနေတယ်၊ တစ်ဖက်ကလည်း တည်ငြိမ်အေးချမ်းရမယ်၊ တရားဥပဒေ စိုးမိုးမှုရှိရမယ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုးတက်အောင်လုပ်ရမယ်"
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ဖို့လိုအပ်သလို အားလုံးတညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် မိမိတို့မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေရောက်ရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့စဉ်က ရခိုင်ပြည်နယ်အတွင်း အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တက္ကသိုလ်တွေကို ကောင်းမွန်အောင်ဆောက်လုပ်ပေးခဲ့ပြီး အခုအချိန်မှာ ပြည်သူတွေအနေနဲ့ အဲဒီအခြေခံလိုအပ်ချက်တွေအပေါ်မှာ ရှေ့ဆက်ပြီးကောင်းမွန်အောင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ အလှူရှင်တွေက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး ငွေကျပ်သိန်းပေါင်း ၈၆၀၀ ကျော်ကို ပြည်နယ်အစိုးရကို ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာပါဝင်တဲ့အချက်တချို့နဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့သူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က စုစည်းတင်ပြထားပါတယ်။