အင်းတကော်မှာ စပါးခင်းတွေကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး
2014.12.06

ပဲခူးတိုင်း အင်းတကော်မြို့နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့်မရှိဘူး လို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက စစ်တပ်က ဖျက်ဆီး ခဲ့ကြပါတယ်။
အဲဒီ ရွှေလေးရွာရောက်နေတဲ့ လယ်သမားတွေအတွက် လိုက်လံကူညီပေးနေသူ မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂများအဖွဲ့ရဲ့ တာဝန်ခံ မစုစုနွေးက လယ်တွေဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ အခုလိုပြော ပါတယ်။
"ခင်ဗျားတို့ပေါ့နော်၊ တပ်ပိုင်အုတ်တံတား ခတ်ထားတဲ့ တဲမှာနေတဲ့ တဲအိမ်တွေကို ဖျက်ပေး ပါ၊ တပ်ထဲ ကနေပြီးတော့ လူအင်အား တစ်ရာလောက်ဆင်းပြီး လယ်သမား ကိုမောင်အေး စိုက်ထားတဲ့လယ်တွေကို ဓါးတွေနဲ့ရမ်းပြီးတော့ အပင်တွေကိုလည်း အကုန်လုံး ဆွဲတင်တယ်"
အဲဒီရွာနားက စုစုပေါင်း လယ်ဧက ၅၈၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက အင်းတကော်မြို့ အခြေစိုက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တပ်နဲ့ တပ်မတော်(လေ) တို့က သိမ်းခဲ့တာဖြစ်ပြီး ဒေသခံတွေကို သီးစားခ ပြန်လည်ချထားခဲ့တာလို့ သိရပါတယ်။
မနှစ်ကစပြီး စိုက်ပျိုးခွင့်မပေးတော့ဘဲ လယ်သမားတွေက ဆက်လက်စိုက်ပျိုးထားရာမှာ စစ်တပ်က တပ်ပိုင်မြေဖြစ် တယ်ဆိုတာကြောင့် အဲဒီလယ်တွေထဲမှာရှိတဲ့ တဲတွေနဲ့ လယ်သမားတွေကို ဖယ်ပေးဖို့ အကြောင်းကြားထားတယ် လို့လည်း သိရပါတယ်။
မစုစုနွေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။