တပ်သိမ်းမြေလျော်ကြေးကိစ္စတွေ့ ဆုံပွဲ တပ်မတော်ဘက်က တက်ရောက်ဖို့ပျက်ကွက်


2015.05.06

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်မှာ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ဆောက်ဖို့ သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး နစ်နာကြေးကိစ္စကို ဒေသခံတောင်သူတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ် ထားပေမယ့် တပ်မတော်ဘက်က ပျက်ကွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စေတုတ္တရာမြို့နယ် တောင်ခေတ္တရာရပ်ကွက် ဓမ္မာရုံမှာ ကပစ ၂၀က တပ်ကိုယ်စား လှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ချိန်းဆို ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတောင်သူ ဦးစိန်မောင်က ပြောပါတယ်။

"ကျနော်တို့ရဲ့ တင်ပြတောင်းဆိုချက်တွေကို တပ်မတော်ကလိုက်လျောပေးပါ့မယ်၊ ခင်ဗျားတို့ကျေနပ် တဲ့ နေရာမှာချိန်းပါ၊ ကျနော်တို့ အဆင့်သင့်ဖြစ်အောင် လုပ်ပေးပါ့ မယ်လို့ ပြောပါတယ်၊ သို့သော်လည်း ကျနော်ပြန်ပြီးတော့ ချိန်းလိုက်တဲ့အချိန်မှာ အဆက်အသွယ်မရဘဲ ဖြစ်နေတာပါခင်ဗျ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကနေ ဆက်သွယ်ပြီးတော့ ကျနော်တို့တွေ့ဖို့ရှိပါတယ်၊ တောင်ခေတ္တရာရပ်ကွက် ဓမ္မာရုံမှာ တောင်သူများနဲ့ တပ်ဘက်စစ်ဆေးမယ့် ပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းမယ် ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်ထား ပါတယ်"

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ဆောက်ဖို့အတွက် တပ်မတော်က သစ်တောဦးစီးဌာန ပိုင်မြေဧက ခြောက်သောင်းဝန်းကျင်ကို သိမ်းယူ ရာမှာ စေတုတ္တရာမြို့နယ် တောင်ခေတ္တရာရပ်ကွက်ရွာ၊ အောက် ပုံကျေးရွာ၊ အောင်းကျေးရွာ၊ ခိုဝင်ရွာနဲ့ မထိန်းကျေးရွာတွေက တောင်သူတွေပိုင်တဲ့ မြေဧက ၂၀၀ ကျော်လည်း သိမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းခံရတဲ့ တောင်သူတွေရဲ့ မြေတွေထဲက ဧက ၁၀၀ လောက်မှာ တပ်မတော်က အဆောက်အဦး ဆောက် လုပ်ထားပြီး ကျန်တဲ့ဧက ၁၀၀ လောက်က ပိုလျှံနေတာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီလယ်ယာမြေတွေကို သိမ်းယူစဉ်က နစ်နာကြေးအဖြစ် မြေတစ်ဧကအတွက် ကျပ် ၅ ထောင်ပေးခဲ့ရာမှာ လက်ခံခဲ့တဲ့ တောင်သူတွေရှိသလို နစ်နာကြေး မထုတ်ယူခဲ့တဲ့ တောင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

တောင်သူတွေဟာ လက်ရှိခေတ်ကာလနဲ့ သင့်တော်တဲ့ လျော်ကြေးငွေတွေပေးဖို့နဲ့ ပိုလျှံနေတဲ့ လယ်ယာမြေဧက ၁၀၀ လောက်မှာ ဝင်ရောက်စိုက်ပျိုးခွင့်ပေးဖို့ အတွက် လယ်ယာမြေစုံစမ်းရေးကော်မရှင်၊ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတို့ထံ စာပေးပို့ ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။